လက်နက်ထုတ်လုပ်မှု တိုးမြှင့်ကြဖို့ ဥရောပနိုင်ငံတွေကို နေတိုးအကြီးအကဲ တိုက်တွန်း

0
155
NATO Secretary-General Jens Stoltenberg speaks to military personnel of the United States Special Operations Command headquarters at MacDill Air Force Base in Tampa, Florida, on February 1, 2024. (Photo by OCTAVIO JONES / AFP)

ယူကရိန်းကို ထောက်ပံ့ဖို့နဲ့ မော်စကိုနဲ့ ဆယ်စုနှစ်ချီ ထိပ်တိုက်ရင်ဆိုင်ရနိုင်ခြေကို တားဆီးကာကွယ်ဖို့အတွက် လက်နက်ထုတ်လုပ်မှုကို တိုးမြှင့်ကြဖို့ ဖေဖော်ဝါရီ ၁၀ ရက်က ဂျာမန်မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ နေတိုးအတွင်းရေးမှူးချုပ်က ဥရောပနိုင်ငံတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ် အလုံးစုံ ကျူးကျော်မှု ၂ နှစ်ပြည့်နဲ့ ဘရပ်ဆဲလ်မှာ နေတိုးကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးမတိုင်မီ ပြုလုပ်တဲ့ အင်တာဗျူးမှာ မစ္စတာ စတိုးလ်တန်ဘာ့ဂ်က ယူကရိန်းကို တိုးမြှင့်တင်ပို့နိုင်ဖို့နဲ့ မိမိတို့ရဲ့ လက်နက်တိုက်တွေကို ပြန်ဖြည့်ဆည်းဖို့ရာအတွက် စက်မှုအခြေပြု အဓိကပစ္စည်းကို မြန်မြန်ဆန်ဆန် ပြန်လည်ဖွဲ့စည်း တိုးချဲ့ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကာလ နှေးကွေးတဲ့အခြေအနေကနေ ပဋိပက္ခကာလ အရှိန်မြင့်ထုတ်လုပ်မှု အခြေအနေမျိုးကို ဆိုလိုတာဖြစ်တယ်လို့ သူက German Sunday daily Weltam Sonntag ကို ပြောဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျာမန်စစ်ဦးစီးချုပ်ကလည်း ခြိမ်းခြောက်မှုတွေ တိုးမြင့်လာတာကြောင့် စစ်တပ်အနေနဲ့ ငါးနှစ်အတွင်း စစ်ရေးအသင့်အနေအထားဖြစ်ဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။ စစ်အေးကာလအပြီး ပြင်ပမှတဆင့် စစ်ဖြစ်လာနိုင်ခြေကို တိုင်းပြည်ဟာ ပထမဆုံးရင်ဆိုင်လာရခြင်းဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ကာစတန် ဘရူယာက Die Welt သတင်းစာနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

သုံးနှစ်အတွင်း ဝင်ရောက်လာတဲ့ ရုရှားနဲ့ စစ်ပွဲမှာ လက်နက်ကြီးကျည်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ အခြားစစ်ရေးအကူအညီတွေ ပေးဖို့ ယူကရိန်းထံက တောင်းဆိုမှုတွေ ကြီးထွားလာချိန်မှာ နေတိုးအတွင်းရေးမှူးချုပ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့က အချိန်အတော်ကြန့်ကြာနေတဲ့ ယူကရိန်းအတွက် စစ်ရေးအကူအညီအစီအစဉ်ကို ထောက်ခံအတည်ပြုပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ကြပြီး ယင်း အကူအညီတွေ မရဘူးဆိုရင် ကိဗ်ဟာ ရုရှားရဲ့ ကျူးကျော်မှုကို တားဆီးနိုင်မှာ မဟုတ်ကြောင်း သတိပေးခဲ့ကြပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here