မကွေးတိုင်းအတွင်း ဧည့်သည်များ ပိုမိုလည်ပတ်စေရေး ဝန်ဆောင်မှုကောင်းများ ပေးကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် မှာကြား

0
140

မကွေးတိုင်းအတွင်းသို့ ပြည်တွင်း/ပြည်ပ ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဝန်ဆောင်မှုကောင်းများ ပေးကြရန် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ပုဂ္ဂလိက လုပ်ငန်းအသီးသီးမှ တာဝန်ရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ (၉) ရက်က ကျင်းပစဉ် ၎င်းက ကော်မတီဝင်များအား မှာကြားခဲ့ခြင်း ဖြစ်သည်။

“မိမိတို့ ဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စေရေး၊ တစ်ခါလာလည်ပြီး ထပ်ခါထပ်ခါ လာလည်စေရန်နှင့် တဆင့်စကားမှ တဆင့်လာရောက် လည်ပတ်စေရေး နှိုးဆော်စေနိုင်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိကနေရာဒေသလုပ်ငန်းအသီးသီးမှ ဝန်ဆောင်မှုပေးရတဲ့ ဝန်ထမ်းများမှလည်း မိမိတို့ရဲ့ ဝန်ဆောင်မှု ကောင်းမွန်စေရေး အလေးအနက်ထား သင်ကြားပြသပေးရမှာဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်က ဟိုတယ် (၁) လုံး၊ အခန်း (၂၈) ခန်းနှင့် ခရီးသွားကုမ္ပဏီ (၁)ခု အသစ်ဖွင့်လှစ်နိုင်ခဲ့ပြီး ခရီးသည်ဆွဲဆောင်မှုအနေဖြင့် မကွေးမြို့ကန်သာကန်နှင့် ကမ်းနားလမ်းညဈေးတန်းကိုလည်း အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် ဒေါင်းသေ ရုက္ခဗေဒ ဥယျာဉ် တည်ဆောက်ရေးစီမံကိန်းကို အကောင်ထည်ဖော်လျက်ရှိပြီး  မကွေးမြသလွန်ဘုရားပွဲနှင့် မန်းရွှေစက်တော်ရာဘုရားပွဲ၊ MSME ပြပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည် လာရောက်မှု များပြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်က ဟိုတယ်နှင့် တည်းခိုရိပ်သာ တည်းခိုမှု (၁၀၅၆၀၇) ဦး၊ ဝင်ငွေ (၁၉၅၃.၀၂၀)သန်း၊ ခရီးစဉ်ဒေသအသီးသီးကို လာရောက်မှု (၁.၇)သန်းရှိခဲ့ကြောင်း သိရသည်။ 

ယခုနှစ်တွင်လည်း တိုးတက်မှုကို ဆက်လက်ထိန်းသိမ်း၍ ဧည့်သည်ဝင်ရောက်မှု တိုးတက်များပြားလာစေရေး အားလုံးပေါင်းစပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ 

မကွေးတိုင်းဒေသကြီးအတွင်း ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝ ခေတ်ရှေးဟောင်းဘုရားသမိုင်းများ၊ ယူနက်စကို အသိအမှတ်ပြု ဗိဿနိုးမြိုဟောင်း၊ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ တိုက်ပွဲဝင်ခဲ့သည့် ရှေးဟောင်း မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်နေရာများ၊ ဘာသာရေးအဆောက်အဦဖြစ်သည့် ရှေးဟောင်း ရုပ်စုံကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ကိုလိုနီခေတ် ရှေးသမိုင်းကြောင်းများနှင့် အဆောက်အဦများ၊ ထင်ရှားကျော်ကြား လူပုဂ္ဂိုလ်များ၊ရိုးရာဓလေ့အစားအသောက်များ စိတ်ဝင်စားဖွယ်ရာများကို လူထုပိုမိုသိရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် မကွေးတိုင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ လှပသည့် အညာဒေသဖြစ်ရာ ဧရာဝတီမြစ်ကမ်းနှင့် မန်းချောင်း၊ မန်းရွှေစက်တော်ရာ သဘာဝအခြေခံ ခရီးသွားရာနေရာများနှင့် တစ်နှစ်ပတ်လုံး လည်ပတ်ရာ နေရာဖြစ်သောကြောင့် ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသငြိမ်းချမ်းသာယာ လှပမှု၊ ငွေကြေးစီးဆင်းမှုဖြစ်ပေါ်စေပြီး အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ အားလုံး ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ရွှေစက်တော်ဒေသ တည်းကျောင်းရန်ပုံငွေ ရှာဖွေရေးကိစ္စနှင့် ပတ်သက်၍ ဆက်လက်၍ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးအောင်သန်းက တင်ပြခဲ့ပြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးက မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကျင်းပနိုင်ရေးကိစ္စရပ်များ၊ ဟိုတယ်လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားထားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များမှ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here