ဂျပန် အပါအဝင် တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် ပျားရည်တန်ချိန် ၂၀၀ ခန့် တင်ပို့နေရ

0
203

မြန်မာ့ပျားရည်ကို ဂျပန် အပါအဝင် တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် တန်ချိန် ၂၀၀ ခန့် တင်ပို့နေရကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်)မှ သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ ဇီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည် တန်ချိန် ၃၀၀ ခန့်ထွက်ရှိကြောင်း သိရသည်။

အဆိုပါ ဇီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည်သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မကွေးတိုင်းဒေသကြီးမှ အဓိကထွက်ရှိပြီး ပြည်တွင်းစားသုံးမှုမှာ နှစ်စဉ် တန်ချိန် ၁၀၀ ခန့်ရှိသည်။

“ပျားရည်ထုတ်လုပ်တဲ့အခါ ပျားအုံတွေမှာ ပျားရည်ပြည့်မပြည့်၊ ပျားရည်ထုတ်လုပ်မှုအချိန်ရောက်မရောက် ပျားမွေးမြူရေးပညာရှင်တွေကို ပျားမွေးမြူသူတွေဆီ စေလွှတ်ပြီးတော့ စစ်ဆေးပေးပါတယ်။ ဒီထက်ပိုပြီး အရည်အသွေးပြည့်ဝတဲ့ ပျားရည်တွေထုတ်နိုင်ဖို့ကလဲ ပညာပေးဆောင်ရွက်နေပါတယ်” ဟုမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်သတင်းဌာနသို့ ဖြေကြားထားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သော ပျားမွေးမြူမှု အဓိက ဒေသဖြစ်သည့် မကွေးတိုင်းဒေဿကြီးအတွင်း အစိုးရပိုင်ပျားမွေးမြူရေး စခန်းခြောက်ခုနှင့် ပုဂ္ဂလိက ပျားမွေးမြူသူ (၇၈) ဦးရှိပြီး ပျားအုံပေါင်း ၁၃၀၀၀ ကျော်ရှိကာ ပျားရည်များကို နှစ်စဉ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်နှင့် ဇီးပျားရည်သည် ၆၀ ရာခိုင်နှုန်း၊ ပန်းပေါင်းစုံပျားရည်သည် ၁၀ ရာခိုင်နှုန်းထွက်ရှိပြီး ပြည်ပတင်ပို့မှုတွင် နေကြာပျားရည်သည် ဈေးနှုန်းအများဆုံးရရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here