ရန်ကုန်မြို့တွင် အချိန်အခါမဟုတ် လေပြင်းတိုက်၍ မိုးထစ်ချုန်း ရွာ

0
206

ယနေ့ ဖေဖော်ဝါရီ (၁၁)ရက် ညနေပိုင်းက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အချိန်အခါမဟုတ် လေပြင်းတိုက်၍ မိုးထစ်ချုန်းရွာသွန်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ (၃) နာရီ အချိန်ခန့်မှစ၍ မြို့နယ်အချို့တွင် မိုးအုံ့ခဲ့ရာမှ ညနေ(၅)နာရီတွင်စတင်ရွာသွန်းခဲ့ခြင်းဖြစ်ပြီး လေတိုက်ခတ်နှုန်းလည်း အနည်းငယ်ပြင်းထန်ကာ မိုးခြိမ်းမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

မိုးရွာသွန်းမှုသည် ရန်ကုန်တိုင်း ‌ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတနှင့် ဆက်စပ်မြို့နယ်များတွင် ရွာသွန်းခဲ့သည့်အပြင် ရန်ကုန်မြို့တွင်းနှင့် အနီးတဝိုက်တွင်လည်း မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

” မိုးများတယ်။ လေတိုက်နှုန်းလည်း များတယ်။ အချို့အိမ်တွေ ကာထားတဲ့တာလဘတ်စတွေ လွှင့်ထွက်ကုန်တယ်။ အချိန် အခါမဟုတ်ဗျာ”ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း)တွင်နေထိုင်သူတစ်ဦးက ဆိုသည်။

” ညနေ ၅နာရီကျော် ရန်ကင်းတဝိုက်ရောက်နေတာ ၊ အဲ့အချိန်မှာ မိုးတပြိုက် နှစ်ပြိုက်ရွာတယ်ပဲထင်တာ၊ဆရာစံလမ်းပေါ်ရောက်တော့ မိုးမကျတော့ဘူး၊ ဒါပေမယ့် နောက်ပိုင်းတော့ လေများပြီး မိုးနည်းနည်း ၁၅မိနစ်လောက်ဖြစ်တယ်ပြောတယ်၊သုဝဏ္ဏဖက်က သူငယ်ချင်းတွေက လေတအားတိုက်တယ်ပြောမှ နေရာစုံ မိုးရွာနေတာသိတယ်”ဟု ရန်ကင်းနား ဖြတ်သွားသူတစ်ဦးကဆိုသည်။

မိုးရွာသွန်းချိန် နာရီဝက်ကျော်ကြာ ရွာသွန်းခဲ့ပြီး မိုးများကြောင်းလည်း ရန်ကုန်မြို့ခံများ၏ မျှဝေမှုများမှတဆင့် သိရသည်။

လှိုင်သာယာ ၊ ရွှေပြည်သာ ၊ အင်းစိန် စသည့် မြို့နယ်များတွင် မိုးရွာသွန်းမှု မရှိသော်လည်း မိုးအုံ့ခြင်း၊ မိုးခြိမ်းခြင်း၊လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

မိုး/ဇလ၏ ယမန်နေ့က အသိပေးချက်တွင် ရန်ကုန်တိုင်ဒေသကြီးအပါအဝင် နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းကာ မိုးရွာသွန်းနိုင်ကြောင်း ဆိုသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု အသ်ပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here