ဒေါ်လာသန်း ၂၀ကျော်အကုန်အကျခံတည်ဆောက်ထားသည့် ရေယာဉ် (၈) စီးလုပ်ငန်းခွင် ဝင်ရောက်

0
200

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းလုပ်ငန်းများနှင့်ရေကြောင်းပြ လုပ်ငန်းများတွင် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်စေရေးအတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၀.၆၇သန်း အကုန်အကျခံကာ တည်ဆောက်ထားသည့် ခေတ်မီရေယာဉ်အသစ် (၈) စီး လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ပြီဖြစ်ကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ၆၀ မီတာ ဘက်စုံသုံး ဗော်ယာ မ/ချ ရေ ယာဉ် (60M Multipurpose Buoy Handling Vessel) (“ဂန္ဓ”ရေယာဉ်) (၁) စီး၊ မြေတူးမြေခံရေယာဉ် (၂) စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး ရေယာဉ် (Habour Launch) (၃) စီး၊ စုစုပေါင်း ရေယာဉ် (၈) စီး လုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ (၁၀) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ခံ တံတား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကဏ္ဍသည် နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခန်းကဏ္ဍနှင့် တိုက်ရိုက်ချိတ်ဆက်မှုရှိနေပြီး နိုင်ငံ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် လွန်စွာအရေးပါကြောင်း၊ ကုန်သွယ်မှုနည်းလမ်းများအနက် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုး၏ ၇၀% နှင့် ကမ္ဘာ့ကုန်သွယ်မှု ပမာဏ၏ ၈၀% ရှိကြောင်းကို United Nation Conference on Trade and Development (UNCTAD)က နှစ်စဉ်ထုတ်ပြန်သည့် Review of Maritime Transport အရ သိရှိရကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြားခဲ့သည်။

ဆိပ်ကမ်းလုပ်ငန်း ကဏ္ဍတွင် Stakeholder များဖြစ်ကြသည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိကဆိပ်ကမ်းတံတားများက မိမိတို့၏ ဝန်ဆောင်မှုစနစ်နှင့် စွမ်းဆောင်ရည်ကို နိုင်ငံတကာ ကုန်သွယ်မှုအတွက် လိုအပ်ချက်စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေ အဆင်သင့်ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်း၊ အဆင့်မြင့်နည်းပညာနှင့်စက်ကိရိယာများကို တပ်ဆင်အသုံးချခြင်း၊ ဒေသတွင်းခေတ်မီဆိပ်ကမ်းများနည်းတူ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation) နည်းလမ်းဖြင့် Electronic Port(e-Port) အဆင့်မှသည် Smart Port အဆင့်သို့ တက်လှမ်းနိုင်စေရေးအတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုများနှင့်အတူ အားလုံးဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြစ်တစ်ဘက်ကမ်းရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဒလသင်္ဘောကျင်းသို့ ရောက်ရှိစဉ် သင်္ဘောကျင်းလုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများ ယန္တရားများပုံမှန် စစ်ဆေးထိန်းသိမ်းမှုပြုလုပ်ရန်၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ကာကွယ်ရေး၊ ဇာတ်တိုက်လေ့ကျင့်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းသုံးများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျကိုင်တွယ် အသုံးပြုရန်နှင့် ဝန် ထမ်းများ သက်သာချောင်ချိရေး အလေးထားဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here