ကမ္ဘောဒီးယားမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြင့် သေဆုံးခဲ့တဲ့ ၉ နှစ်သားရဲ့ အစ်ကိုဖြစ်သူမှာ ပိုးကူးစက်မှု တွေ့ရှိ

0
187

ပြီးခဲ့တဲ့ သီတင်းပတ်က ကြက်ငှက်တုပ်ကွေးရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ ၉ နှစ်သားလေးရဲ့ အစ်ကိုဖြစ်သူမှာ ဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိခဲ့ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဋ္ဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

နိုင်ငံအရှေ့မြောက်ပိုင်း Kratie ပြည်နယ်မှ ၉ နှစ်သားတစ်ဦး သေဆုံးခဲ့တာဖြစ်ပြီး ဒါဟာ ယခုနှစ်အတွင်း ကမ္ဘောဒီယားနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားမှာ ယင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ လေးဦး ရှိခဲ့တယ်လို့ သိရပါတယ်။

ကြက်ငှက်တုပ်ကွေးဟာ ပုံမှန်အားဖြင့်တော့ ကြက်၊ ငှက်များမှာသာ ကူးစက်ပျံ့နှံ့လေ့ရှိတာဖြစ်ပြီး ၁၉၉၇ ခုနှစ်က ဟောင်ကောင်ရှိ ကြက်ဈေးကွက်ကို လာရောက်ခဲ့သူတွေအကြား ယင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မတွေ့သေးခင်ကအထိ လူတွေကို ခြိမ်းခြောက်မှုရှိတဲ့ ဗိုင်းရပ်စ်အဖြစ် မသတ်မှတ်ခဲ့ကြပါဘူး။ လူတွေမှာ ယင်းဗိုင်းရပ်စ် ကူးစက်မှုအများစုဟာ ကြက်၊ငှက်တွေနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူတွေဖြစ်ပေမယ့် လူများကြားမှာ ဗိုင်းရပ်စ်ပိုး ပိုမိုလွယ်ကူစွာ ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။

ယခုလအတွင်း အာရှနိုင်ငံ အများအပြားမှာ တရုတ်နှစ်သစ်ကူးပွဲ အခမ်းအနားတွေ ကျင်းပနေကြခြင်းဟာ အဆိုပါ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာနိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့တို့က သတိပေးခဲ့ပါတယ်။

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုအရ အသက် ၁၆ နှစ်အရွယ် အစ်ကိုဖြစ်သူဟာ တနင်္ဂနွေနေ့မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပေမယ့် ရောဂါ လက္ခဏာမပြဘူးလို့ ဆိုခဲ့ပါတယ်။ လက်ရှိမှာ သူဟာ ဆေးကုသမှု ခံယူလျက်ရှိနေပြီး တာဝန်ရှိသူတွေက သူတို့ ညီအစ်ကိုတွေနဲ့ ထိတွေ့ထားသူတွေ၊ ဗိုင်းရပ်စ် ကူးစက်ခဲ့ပုံတွေကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here