ဂျော်ဒန်ဘုရင် နှင့် သမ္မတဘိုင်ဒန်တို့တွေ့ဆုံ

0
128

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၃

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဂျော်ဒန်ဘုရင်မင်းမြတ် အဗ္ဗဒူလာရ် နှင့် အိမ်ဖြူတော်၌တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ ဂျော်ဒန်သည် အမေရိက၏ အချိန်အတော်ကြာမဟာမိတ်တစ်ဦးဖြစ်ပြီး ဂျော်ဒန်ဘုရင်မင်းမြတ်သည် ဂါဇာကမ်းမြောင်၌ အပစ်အခတ်ရပ်စဲရေးလိုလားသူတစ်ဦးလည်းဖြစ်သည်။

၎င်းတို့နှစ်ဦး၏တွေ့ဆုံမှုသည် ဂါဇာတောင်ပိုင်းရှိ ရာဖက်ဖ်ဒေသ၌ အရပ်သားများအတွက်အကာအကွယ်အစီအစဉ်မလုပ်ဘဲ ‌အစ္စရေးအနေဖြင့် မြေပြင်ထိုးစစ်ဆင်မှုများမလုပ်သင့်ကြောင်း သမ္မတဘိုင်ဒင်၏ပြောကြားချက်အပြီး၌ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ဂျော်ဒန်ဘုရင်မင်းမြတ်သည် အနောက်နိုင်ငံများသို့ခရီးစဉ်မစတင်မီ စစ်ဘေးသင့်ဂါဇာဒေသ၌ ငတ်မွတ်ခေါင်းပါးမှုနှင့်ဖျားနာမှုဘေးများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခဲ့သေးကြောင်းလည်းသိရသည်။

ဂျော်ဒန်ဘုရင်သည် ယခုခရီးစဉ်အတွင်း ဂါဇာဒေသ၌ အပစ်အခတ်လုံးဝရပ်စဲရေးအတွက် သမ္မတဘိုင်ဒင်ဘက်မှပါဝင်ကူညီပေးရန်လည်း တောင်းဆိုသွားနိုင်ချေရှိသည်ဟု‌သိရသည်။

သမ္မတဘိုင်ဒင်၏အစိုးရအဖွဲ့အနေဖြင့်လည်း ဂါဇာ၌အပစ်အခတ်ရပ်စဲရေးနှင့် ဖမ်းဆီးခံဓါးစာခံများလွတ်မြောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေကြောင်းလည်းသိရသည်။

သမ္မတဘိုင်ဒင်အစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးကမူ ဂျော်ဒန်ဘုရင်မင်းမြတ်နှင့် သမ္မတဘိုင်ဒင်တို့၏တွေ့ဆုံမှုသည် ဂါဇာ၌စစ်ပွဲရပ်တန့်ရေးအတွက်သာ အဓိကထားဆွေးနွေးလိမ့်မည်ဟုယူဆရကြောင်းလည်း မီဒီယာများအားပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here