ထောင်ဒဏ်ကျ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်မြောက်လာမည်ဟု တရားရေးဝန်ကြီး ပြောဆို

0
109

ပြည်ပသို့ ၁၅ နှစ်ကြာ တိမ်းရှောင်းခဲ့အပြီး ပြည်တော်ပြန်လာခဲ့တာ ၆ လခန့်သာရှိသေးတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်အနေနဲ့ သူ ကျခံနေရတဲ့ ထောင်ဒဏ်ကနေ လွတ်မြောက်လာမှာဖြစ်ပြီး ဒီသီတင်းပတ်ကုန်လောက်မှာဖြစ်နိုင်တယ်လို့ ထိုင်းနိုင်ငံ တရားရေးဝန်ကြီးက အင်္ဂါနေ့(ဖေဖော်ဝါရီ ၁၃) မှာ ထုတ်ဖော် ပြောဆိုပါတယ်။

ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင် ရွေးကောက်ခံခဲ့ရပြီး ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရတဲ့ အငြင်းပွားဖွယ်ရာ ဘီလျံနာသူဋ္ဌေးကြီးဟာ လာဘ်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ သြဂုတ်လမှာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပေမယ့် ဘုရင် မဟာ
ဝိဇယလောင်ကွန်းက ရက်ပိုင်းအတွင်း သူ့ရဲ့ ထောင်ဒဏ်ကို တစ်နှစ်သို့ လျှော့ချခွင့်ပြုခဲ့ပါတယ်။

ပြစ်ဒဏ်မပြည့်မီ စောလွတ်လာမယ့် အကျဉ်းသား ၉၃၀ ဦးထဲမှာ မန်စီးတီးအသင်းပိုင်ရှင်ဟောင်းဖြစ်တဲ့ သက်ဆင်(၇၄ နှစ်) ပါဝင်မှာဖြစ်တယ်လို့ တရားရေးဝန်ကြီး Tawee Sodsong က အင်္ဂါနေ့မှာ ပြောဆိုခဲ့တာပါ။

“စိုးရိမ်ရတဲ့ အခြေအနေရှိသူတွေ သို့မဟုတ် အသက် ၇၀ ကျော်သူတွေ အုပ်စုထဲမှာ သူ ပါပါတယ်။ ၆ လအကြာမှာ သူ အလိုလို ပြန်လွတ်လာမှာပါ” လို့ Tawee Sodsong က သတင်းထောက်တွေကို ပြောဆိုပါတယ်။

သက်ဆင်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၂ ရက်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး သူ့အနေနဲ့ စနေနေ့ကစလို့ လာမယ့် တစ်ရက်ရက်မှာ လွတ်မြောက်လာနိုင်တယ်လို့ ထိုင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။

သူ ပြန်လွတ်လာမယ့်အခြေအနေ အသေးစိတ်ကို အတိအကျ မသိရပေမယ့် သူ့အနေနဲ့ ankle tag အီလက်ထရွန်းနစ် ပစ္စည်းနဲ့ စောင့်ကြည့်ခံရနိုင်သလို ခရီးသွားလာခွင့်လည်း ကန့်သတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here