နယူးယောက် မြေအောက်ရထား ဘူတာမှာ ပစ်ခတ်မှုဖြစ်လို့ တစ်ဦးသေ ငါးဦး ဒဏ်ရာရ

0
174

အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးက Bronx ရပ်ကွက်ရှိ မြေအောက်ရထား ဘူတာရုံတစ်ခုမှာ တနင်္လာနေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့လို့ လူ တစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲလောက်မှာ အရေးပေါ် ဖုန်းခေါ်ဆိုမှုအရ အခင်းဖြစ် Mount Eden Avenue ဘူတာရုံကို တပ်ဖွဲ့ဝင်တွေ သွားရောက်ခဲ့ရာမှာ သေနတ်ဒဏ်ရာရထားသူ ၆ ဦးကို တွေ့ရှိခဲ့ကြတယ်လို့ NYPD သယ်ယူ ပို့ဆောင်ရေးဋ္ဌာန အကြီးအကဲ မီချယ်လ် အမ် ကမ်ဘာက တနင်္လာနေ့ညပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပစ်ခတ်ခံရသူတွေထဲမှာ အမျိုးသား လေးဦး အမျိုးသမီး နှစ်ဦး ပါဝင်ပြီး အသက် ၁၄ နှစ်ကနေ ၇၁ နှစ်အရွယ်တွေဖြစ်ကာ သူတို့အားလုံးကို ဒေသတွင်း ဆေးရုံများသို့ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ St. Barnabas ဆေးရုံမှာ ကုသနေခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားကတော့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကမ်ဘာက ပြောဆိုပါတယ်။ ကျန်ဒဏ်ရာရသူတွေကတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

သေနတ်ပစ်ခတ်မှုဟာ အကြောင်းမဲ့ ပစ်ခတ်မှုဖြစ်စဉ်မျိုး မဟုတ်ဘဲ နံပါတ် ၄ ရထားထဲမှာ လူအုပ်စုနှစ်ခု အငြင်းအခုံဖြစ်ရာကနေ စတင်ဖြစ်ပွားခဲ့တာလို့လည်း ကမ်ဘာက ပြောဆိုပါတယ်။ အမ်ဘာရဲ့ ပြောဆိုချက်အရ ဘူတာထဲ ရထားဝင်လာချိန်မှာ လူတစ်ဦးက သေနတ်ဆွဲထုတ် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ လက်မခံနိုင်စရာဖြစ်ပြီး စုံထောက်တွေအနေနဲ့ လျင်လျင်မြန်မြန် ဖမ်းဆီးမှု လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကမ်ဘာက ပြောဆိုပါတယ်။ လက်ရှိမှာ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုပြီး ဒဏ်ရာရခဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မပြုသေးကြောင်း သိရပါတယ်။

Ref: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here