ဟားမတ်စ် ဓားစာခံများ လဲလှယ်ရေးအတွက် CIA နှင့် Mossad အကြီးအကဲများ တွေ့ဆုံဆွေးနွေးမည်

0
140

အမေရိကန် စီအိုင်အေနှင့် အစ္စရေး၏ မော့ဆက် ထောက်လှမ်းရေးအဖွဲ့များမှ အကြီးအကဲများသည် ဂါဇာတွင် ထိန်းသိမ်းခံထားရသော ဓားစာခံများ လွတ်မြောက်ရေး နှင့် လဲလှယ်ရေး သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန်အတွက် အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ထားကြောင်း အဆိုပါ လုပ်ငန်းစဉ်နှင့် ရင်းနှီးသူများထံမှ သိရသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဟားမတ်စ်၏တောင်းဆိုချက်များကို ပယ်ချပြီး တစ်ပတ်အကြာတွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးတို့ကို ကြားဝင်ဆောင်ရွက်ပေးမည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

အစ္စရေးသည် အလားအလာရှိသော သဘောတူညီချက်အတွက် ဆွေးနွေးရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်းနှင့် မော့ဆက်အကြီးအကဲ ဒေးဗစ်ဘာနာ၏ အီဂျစ်သို့ သွားရောက်မည့် အစီအစဉ်ကို စေ့စပ်ညှိနှိုင်းသူများက မျှော်လင့်ကြိုဆိုခဲ့ကြသည်။

“သဘောတူညီချက်ရဲ့ အဓိကအချက်တွေက စားပွဲပေါ်မှာ ရှိပါတယ်” ဟု ဘိုင်ဒင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “ဒါပေမယ့် လစ်ဟာချက်တွေ ကျန်ရှိနေပါသေးတယ်” ဟု သူက ပြောကြားသော်လည်း “သဘောတူညီချက် ရရှိရန်အတွက် ဆက်လက်ဆောင်ရွက်သွားကြရန် အစ္စရေး ခေါင်းဆောင်များကို တွန်းအားပေးခဲ့သည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ပထမအဆင့်တွင် ဂါဇာရှိ မြို့ပြကြီးများမှ အစ္စရေးတပ်များ ပြန်လည်ဆုတ်ခွာရန်နှင့် ဒုတိယအဆင့်တွင် ဝိုင်းရံထားသော နယ်မြေများမှ လုံးဝဆုတ်ခွာရန် ဟားမတ်စ်ဖက်က တောင်းဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here