နိုင်ငံရေးပါတီများအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံလိုက်နာရန်နှင့် ထိခိုက်မည့် ကိစ္စရပ်များ မပြုလုပ်ရန် နစက ဥက္ကဋ္ဌ ပြော

0
219

ပါတီမှတ်ပုံတင် ခွင့်ပြုမိန့်ကျထားပြီးသား နိုင်ငံရေးပါတီများနှင့် နေပြည်တော်တွင် ယနေ့ မွန်းလွဲပိုင်း၌ ဒုတိယအကြိမ်တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌက ပါတီခေါင်းဆောင်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှတတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း ပါတီများ အနေဖြင့်လည်း ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း‌လည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီများအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံလိုက်နာရန်လိုအပ်ပြီး ထိခိုက်စေမည့်ကိစ္စရပ်များ မပြုလုပ်ရန်နှင့် ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့အပြင် တိုင်းပြည်၏အားသည်ပြည်တွင်းမှာသာရှိသည့် အတွက် မိမိတို့ခြေထောက်ပေါ်တွင်သာ ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်တွင်းအားကိုဖော်ဆောင်ပေးရန်အတွက် နိုင်ငံရေးပါတီများတွင်သည်လည်း တာဝန်ရှိကြောင်း နစက ဥက္ကဋ္ဌ‌ဆိုသည်။

လက်ရှိတွင် ပါတီများ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဥပဒေအရ လုပ်နိုင်ကိုင်နိုင်သည့် အခြေအနေတွင် ရှိစေရေးအတွက် အစိုးရအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများကို လုပ်ဆောင်ပေးထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိအခြေအနေအတွင် အချို့သော မြို့နယ်များ၌ လုံခြုံရေးအရ ပါတီလှုပ်ရှားမှုများ ဆောင်ရွက်ရန် အခက်အခဲရှိမည်ဖြစ်သော်လည်း ပါတီများအလိုက် မိမိတို့ လုပ်နိုင်သည့်အခြေအနေတွင်ရှိသည့် ဒေသများ၌ ပါတီလှုပ်ရှားမှုများကို ပြည်သူလူထုနှင့် အဆက်မပြတ် ထိတွေ့ဆောင်ရွက်နေရန် နှင့် ပါတီဖွဲ့စည်းထားသည့် မြို့နယ်များ၊ ဖွဲ့စည်းရန်ရည်ရွယ်ထားသည့် မြို့နယ်များ၌ အရှိန်အဟုန်ဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်သွားရန်အတွက်လည်း ပါတီခေါင်းဆောင်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပါတီများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန်နှင့် မှတ်ပုံတင်ကျပြီးသား နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ သီတာဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here