မြန်မာအမျိုးသမီးတစ်ဦး  ထိုင်းအလုပ်ရှင်အားဓါးဖြင့်ထိုးသတ်

0
217

ဘန်ကောက်၊ဖေဖော်ဝါရီ ၁၃

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ အိမ်တစ်အိမ်၌ ငွေသား ဘတ် ၃၀,၀၀၀ နှင့်ရွှေဆွဲကြိုး ကို ခိုးယူရန် ထိုင်းအလုပ်ရှင်အား ဓါးနှင့်ထိုးခဲ့သည့်မြန်မာအမျိုးသမီးတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က မနေ့ကဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများ၌ဖော်ပြခဲ့သည်။

အသက် ၁၉ နှစ်သာရှိသေးသည့် အဆိုပါမြန်မာအမျိုးသမီးသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညသန်းခေါင်ကျော်အချိန်၌ အိပ်ပျော်နေသည့်အလုပ်ရှင်ဖြစ်သူ၏အခန်းထဲသို့ဝင်ရောက်ကာ ဓါးနှင့်အကြိမ်ကြိမ်ထိုးခဲ့ခြင်းဖြစ်ပြီး ရင်ဘတ်၊ဘယ်ဘက်လက်နှင့်နောက်ကျောတို့တွင် ဒဏ်ရာများစွာရရှိခဲ့ကြောင်းသိရသည်။

အိမ်ရှင်အမျိုးသမီး၏ပြောကြားချက်အရ အဆိုပါမြန်မာအမျိုးသမီးသည် ၎င်းအားဓါးဖြင့်ထိုးပြီးနောက် အဖိုးတန်ပစ္စည်းများအားရှာဖွေခဲ့ပြီး ဘတ်ငွေ ၃၀,၀၀၀ နှင့် ဘတ် ၉,၀၀၀ ခန့်တန်ဖိုးရှိသည့် ရွှေဆွဲကြိုး ကို ယူကာ အခင်းဖြစ်ပွားရာ နေရာမှထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်းသိရသည်။

တာဝန်ရှိသူများမှ အခင်းဖြစ်နေရာနှင့်အနီးနားရှိ လုံခြုံရေးကင်မရာများအား စစ်ဆေးခဲ့သည့်အခါတွင်  ဖေဖော်ဝါရီ ၁၂ ရက် နေ့က  Lampun ပြည်နယ်ရှိ အဆိုပါမြန်မာအမျိုးသမီး၏အစ်ကိုအိမ်တွင် နက်ပြာရောင်အိတ်ထဲမှ အမေရိကန်ဒေါ်လာ ၁၀၀ (ဘတ်ငွေ ၃,၆၀၀ ခန့်)၊ ငွေသား ဘတ် ၇၅,၀၀၀၊ရွှေဆွဲကြိုးတစ်ကုံးနှင့် အလုပ်ရှင်အားထိုးရာ၌အသုံးပြုခဲ့သည့် ၁၂ လက်မအရွယ်ဓါးတစ်ချောင်းတို့နှင့်အတူ အဆိုပါအမျိုးသမီးအား ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

ပြစ်မှုကျူးလွန်သူ၏အိမ်ရှင်သည် အခင်းဖြစ်ပွားသည့်နေ့က ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရသော်လည်း ယခုအခါ ၎င်း၏ အခြေအနေမှာတည်ငြိမ်နေပြီဖြစ်ကြောင်းသိရသည်။ ယခုအမှုနှင့်ပတ်သက်၍ အဆိုပါမြန်မာအမျိုးသမီးငယ်အား ပုဒ်မ ၃၄၀ နှင့်အမှုဖွင့်အရေးယူထားပြီး  အနည်းဆုံးထောင်ဒဏ် ငါးနှစ်မှဆယ်နှစ်အထိနှင့် ငွေဒဏ် ဘတ် ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိလည်းပေးဆောင်ရနိုင်ခြေရှိသည်ဟုသိရသည်။

Source : သည်ထိုင်းဂျား


LEAVE A REPLY

Please enter your comment!
Please enter your name here