မလေးရှားမှာ အပေါ့စား လေယာဉ်ငယ်တစ်စင်း ပျက်ကျရာ လူ နှစ်ဦး သေဆုံး 

0
125

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်က မြို့တစ်မြို့အနီးမှာ အင်္ဂါနေ့မွန်းလွဲပိုင်းက လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့တာကြောင့် လေယာဉ်မှူးနဲ့ လေယာဉ်ပေါ်ပါသူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်မှာ လေယာဉ်ပျက်ကျမှုဖြစ်ခဲ့တာဖြစ်ပြီး အပန်းဖြေလေ့လာပျံသန်းရေး လေယာဉ်တစ်စင်းဖြစ်တယ်လို့ ဆီလန်ဂေါပြည်နယ်ရဲချုပ် ဟူစိန် အိုမာခန်းက ပြောဆိုပါတယ်။

လေယာဉ်မှူးက အပန်းဖြေကလပ်တစ်ခုနဲ့ချိတ်ဆက် တာဝန်ထမ်းဆောင်နေတဲ့ နည်းပြတစ်ဦးဖြစ်ပြိး လိုက်ပါလာတဲ့ ခရီးသည်က ယင်းကလပ်အသင်းဝင်တစ်ဦးဖြစ်တယ်လို့ ၎င်းက Star သတင်းဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။ 

သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို လေယာဉ်မောင်းခန်းအတွင်းမှာ တွေ့ရတာဖြစ်ပြီး နှစ်ဦးလုံးက မလေးရှားနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

လေယာဉ်ပျက်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ဆီအုန်းစိုက်ခင်းတစ်ခုရဲ့ မြေအနက် ၂ မီတာလောက်မှာ နစ်မြုပ်နေခဲ့တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ အစောပိုင်းမှာ အလောင်းတွေကို ဆွဲထုတ်ဖို့ရာ အခက်အခဲဖြစ်ခဲ့ပါတယ်။ ပြန်လည်ရယူထားတဲ့ အလောင်းတွေကို ရင်ခွဲစစ်ဆေးမှုတွေလုပ်ဖို့အတွက် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

လေယာဉ်ပျက်က အလောင်းတွေကို ဆွဲထုတ်နိုင်ဖို့အတွက် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းအသီးသီးက လူပေါင်း ၁၅၀ လောက် ပါဝင်ဆောင်ရွက်ခဲ့ရတယ်လို့ ဟူစိန်က ပြောဆိုခဲ့ပြီး လေယာဉ်ပျက်ကျခဲ့တဲ့ ဧရိယာဝန်းကျင်က နေအိမ်တွေ ထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ဆီလန်ဂေါပြည်နယ် ကာပါမြို့အနီး ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လူနှစ်ဦး ပါဝင်ခဲ့တယ်လို့ မလေးရှား မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ကလည်း အစောပိုင်းမှာ အတည်ပြုထားခဲ့ပါတယ်။ 

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here