စစ်ပွဲ၏ သဘာဝအရ တိုက်ခိုက်နေကြရသော်လည်း Rules of Engagement ကို လေးစားလိုက်နာကြသင့်ကြောင်း စစ်ရေး နိုင်ငံရေး စောင့်ကြည့်လေ့လာသူများ အကြံပြု

0
207

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်အတွင်း ကုလားတန်မြစ်ကြောင်း၌ တပ်မတော်ရေမှ စစ်ရေယာဉ်အချို့ တိုက်ခိုက်ခံရမှုတွင် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ရာနှင့်ချီကာ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ လူမျိုးရေးပဋိပ က္ခအသွင် ဖန်တီးလှုံ့ဆော်မှုများ မလုပ်ဆောင်ကြရန်နှင့် နှစ်ဖက်အဖွဲ့အစည်းများ အနေဖြင့် Rules of Engagement ကိုလေးစားလိုက်နာကြရန် စစ်ရေး နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက အကြံပြုတိုက်တွန်းထားကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၌ တပ်မတော် (ရေ) စစ်ရေယာဉ် (၂) စီးနှင့် စက်ရေယာဉ်(၁) စီးကို ရခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့သည့်အတွက် ကုလားတန်မြစ်အတွင်း နစ်မြုပ်သွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိစစ်သည်များ၊ ကလေး သူငယ်များ အပါအဝင် အမျိုးသမီးများနှင့် တပ်မိသားစုဝင်များ (၇၀၀) ဝန်းကျင် သေဆုံးခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“အခုက ကျွန်တော်တို့ရဲ့ မြင်ကွင်းမှာ ဖြစ်ခဲ့တာ မဟုတ်တဲ့အခါကျတော့ တစ်ဖက်နဲ့တစ်ဖက် ပြောကြတဲ့အထဲမှာ ယုတ္တိဗေဒနည်းအရ ဖြစ်နိုင်ခြေကိုတွက်ပြီးတော့မှ သုံးသပ်ကြရတာကိုး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ နှစ်ဖက် လက်နက်ကိုင် ပဋိပက္ခဖြစ်ရင် Rules of Engagement ကတော့ ရှိအပ်တယ်။ ဂျနီဗာ ကွန်ဗန်းရှင်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကိုလိုက်နာစေချင်တယ်။ တိုက်ကြခိုက်ကြလို့ သေကြကျေကြဆိုတာက စစ်သားအချင်းချင်းမို့ ဖြစ်ရိုးဖြစ်စဉ် ‌ဖြစ်နေကျလို့ ပြောပေမယ့်  စစ်နယ်ရပ်ဝန်းကို ရှောင်ပြီး လွတ်ရာလွတ်ကြောင်းကို အသက်လုပြီး ပြေးကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသက်တစ်ချောင်းကို ကယ်သင့်တယ်။ ကယ်ဖို့လည်း နှစ်ဖက်စလုံးက Rules of Engagement ကို လိုနာသင့်တာပေါ့ဗျာ ” ဟု ရခိုင်အရေးနှင့် စစ်ရေး/ နိုင်ငံရေး စောင့်ကြည့်လေ့လာ သူတစ်ဦးက ပြောသည်။

ဒေသတွင်း သတင်းရင်းမြစ်များ ၊ တပ်မတော်ထောက်ခံသူ များနှင့် AA ထောက်ခံသူ ရခိုင်အသိုင်းအဝိုင်းက မျှဝေဖော် ပြကြသည့် သတင်းအချက်အလက်မျှဝေမှုများအရ တိုက်ခိုက်ခံရသည့် စစ်ရေယာဉ်များပေါ်မှ အသက်လုထွက်ပြေးကြရသည့် တပ်မတော်သားများအပါအဝင် တပ်မတော်သားမိသားစုဝင်များနှင့် ကလေးငယ်များအား စစ်သုံ့ပန်းဥပဒေများနှင့်အညီ မဟုတ်ဘဲ ပစ်ခတ်သတ်ဖြတ်မှုများကို AA အဖွဲ့အနေဖြင့် လုပ်ဆောင်ခဲ့သည်ဟု ယူဆ၍ ရနိုင်သည့် အချက်အလက် မျှဝေမှုများကိုလည်း တွေ့ရသည်။

” ဒီဖြစ်စဉ်ပေါ်မှာယူပြီးတော့ လူမျိုးရေး ပဋိပက္ခကြီးကြီး မားမား မဖြစ်အောင် သံဝေဂ ယူသင့်တယ်။ အဲဒီဖြစ်စဉ်မျိုးနဲ့ အမျိုးသား လွတ်မြောက်ရေးကို ဆင်နွှဲရင် အလွန်တရာမှ အခက်အခဲ အကြပ်အတည်း ရောက်နိုင်တယ်” ဟုလည်း ဆိုသည်။

သို့သော် ရခိုင့်တပ်တော် AA မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်မှုအချို့တွင် အသက်မသေအောင် ကြိုးစားကာ ရေကူးထွက်ပြေးကြရသည့် သူအချို့အား ၎င်းတို့အနေဖြင့် အသက်ဘေးမှ ကယ်ဆယ်ကာ စစ်သုံးပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထုတ်ပြန်မှုများလည်း ရှိသည်။

” လူမျိုးနွယ်စုတစ်ခုနဲ့ တစ်ခုကြားမှာ နာကျည်းချက်တွေ ဖြစ်လာမယ်။ တစ်ဘက်ကဖောက်ဖျက်လို့ တစ်ဖက်က လုပ်သွားတယ်ဆိုတာကို နှစ်ဘက်အပြိုင်သာ ဝါဒဖြန့်နေကြရင် နိုင်ငံတစ်ခုရဲ့ ဆိုးကျိုးသံသရာက ဆက်ပြီး လည်ပတ်နေဦးမှာပဲ။ အဲဒီလို ဖြစ်စေချင်တဲ့ အဖွဲ့ကလည်း ရှိချင်ရှိနေမှာပေါ့။ မုန်းနေမှ ၊ နာကျည်းနေမှ ၊ တစ်ဘက်နဲ့ တစ်ဘက် မကြည့်ချင်အောင် ဖြစ်နေမှဆိုတဲ့ အင်အားစုကလည်း ရှိချင်ရှိမှာပေါ့” ဟု ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး လိုလားသူ တစ်ဦးကလည်း သုံးသပ်ပြသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃) မှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် တိုက်ပွဲများသည်ပိုမိုပြင်းထန်လာခဲ့ပြီး ဖေဖေါ်ဝါရီ (၁၂) ရက်ကလည်း မင်းပြားမြို့နယ်အတွင်း၌တပ်မတော်ရေမှ  စစ်​ရေယာဥ်တစ်စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားခဲ့​သည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍
နစကဘက်မှ မည်သည့်သတင်းထုတ်ပြန်မှုကိုမျှမလုပ်သေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here