ခန့်မှန်းတွက်ဆရ ပိုလွယ်သူဖြစ်တဲ့ဘိုင်ဒင်ကို ထရန့်ထက် ပိုကြိုက်ဟု ပူတင် ပြော

0
235

ဒေါ်နယ်ထရန့်ထက် အတွေ့အကြုံပိုရှိသူဖြစ်တဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကို ဒုတိယ သက်တမ်း အနိုင်ရဖို့ ရုရှားက ပိုလိုလားတယ်လို့ သမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားမှ သတင်းထောက်တစ်ဦးနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့မှုအတွင်း ပူတင်က သူ့အနေနဲ့ ရွေးကောက်တင်မြောက်ခံရတဲ့ မည်သည့် အမေရိကန် ခေါင်းဆောင်နဲ့မဆို အလုပ်လုပ်သွားမှာဖြစ်တယ်လို့ ကြေညာပါတယ်။ သို့ပေမယ့် ရုရှားရဲ့ အမြင်အရ ဘယ်သူက ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်မလဲလို့ မေးမြန်းရာမှာတော့ ဘိုင်ဒင် အနိုင်ရမှုကို ပိုလိုလားတယ်လို့ ပူတင်က ပြတ်သားစွာ မှတ်ချက်ပြုခဲ့ပါတယ်။

“ဘိုင်ဒင်က အတွေ့အကြုံပိုရှိတယ်၊ ခန့်မှန်းတွက်ဆရ ပိုလွယ်ပါတယ်။ သူက ခေတ်ဟောင်း နိုင်ငံရေးသမားတစ်ဦးပါ” လို့ ပူတင်က ဆိုခဲ့ပြီး “ဒါပေမဲ့ အမေရိကန် ပြည်သူတွေ ယုံကြည်တဲ့ ဘယ်အမေရိကန်ခေါင်းဆောင်နဲ့မဆို ကျွန်တော် လက်တွဲအလုပ်လုပ်သွားမှာပါ” လို့ ဆက်လက် ပြောဆိုသွားပါတယ်။

ဘိုင်ဒင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ထင်ကြေးပေး ပြောဆိုနေမှုတွေအပေါ် မေးမြန်းရာမှာတော့ “ကျွန်တော်က ဆရာဝန်တစ်ယောက် မဟုတ်ပါဘူး၊ ဒါကြောင့် ဒီအပေါ် မှတ်ချက်ပေးဖို့ မသင့်ဘူးလို့ ထင်ပါတယ်” လို့ ပူတင်က ဆိုခဲ့ပါတယ်။

ဘိုင်ဒင်ရဲ့ အသက်အရွယ်၊ မှတ်ညဏ်ဆိုင်ရာနဲ့ ပတ်သက်ပြီး အထူးအကြံပေးတစ်ဦးရဲ့ သတိပေးပြောဆိုချက်ကြောင့် ဒီမိုကရက်တွေအကြား စိုးရိမ်ပူပန်မှုတွေကို ဘိုင်ဒင်ရဲ့ မဲဆွယ်အဖွဲ့က ဖြေလျှော့ဖို့လုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန်မှာ ရွေးကောက်ပွဲ မဲဆွယ်မှုဟာ အရှိန်မြင့်လာနေပြီး ပိုမို ထက်ထက် မြက်မြက် လုံးပန်းရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်လာချိန်မှာ ဘိုင်ဒင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေ ထွက်လာတာဖြစ်တယ်လို့ ပူတင်က မှတ်ချက်ပြုပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဆွစ်ဇာလန်မှာ တွေ့ဆုံခဲ့ကြချိန် ဘိုင်ဒင်ရဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်လို့ စွပ်စွဲပြောဆိုတာတွေ ထွက်ပေါ်နေခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့မှာတော့ ဆန့်ကျင်ဘက်ဖြစ်ပြီး အမေရိကန်ခေါင်းဆောင်ကို ကောင်းမွန်တဲ့ ပုံစံနဲ့ သူမြင်တွေ့ခဲ့ရကြောင်း ပူတင်က ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။

Ref: TIME


LEAVE A REPLY

Please enter your comment!
Please enter your name here