ပွင့်လင်းမြင်သာမရှိသော ရွေးကောက်ပွဲ ရန်ပုံငွေ စနစ်ကို အိန္ဒိယ တရားရုံးချုပ် ဖျက်သိမ်း

0
130

လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံရေးပါတီတွေကို အမည်မဖော်ဘဲအကန့်အသတ်မရှိ ငွေကြေးထည့်ဝင် လှူဒါန်းခွင့်ပြုထားတဲ့ ၇ နှစ်ကြာ ရွေးကောက်ပွဲ ရန်ပုံငွေစနစ်ကို အိန္ဒိယ တရားရုံး ချုပ်က ကြာသပတေးနေ့မှာ ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ၂၀၁၇ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ယင်းစနစ်အရ အများဆုံး အကျိုး ခံစားခွင့်ရခဲ့တဲ့ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီရဲ့ Bharatiya Janata ပါတီအတွက် ဆုတ်ယုတ်မှုတစ်ခုလို့ ရှုမြင်ကြပါတယ်။

Electoral Bonds လို့ ခေါ်ဆိုတဲ့ ယင်းစနစ်ဟာ နိုင်ငံရေး ပါတီတွေကို ငွေပေးနေသူတွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိပိုင်ခွင့်ကို အဟန့်အတားဖြစ်စေတာကြောင့် အတိုက်အခံအဖွဲ့ဝင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဥပဒေကြောင်းအရ စိန်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။

ယင်းစနစ်အရ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကုမ္ပဏီတစ်ခုခုဟာ အစိုးရပိုင် State Bank of India ကနေ ငွေချေးစာချုပ်တွေ ဝယ်ယူနိုင်ပြီး ၎င်းတို့ကို နိုင်ငံရေးပါတီတစ်ခုသို့ လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

အမည်ထုတ်ဖော်ခြင်း မရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ ယင်း ငွေချေးစာချုပ်တွေ ရူပီး ၁၆၅.၁၈ ဘီလီယံ(ကန်ဒေါ်လာ ၁.၉၉ ဘီလီယံ) ဖိုး ဝယ်ယူခဲ့ကြကြောင်း ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအသင်းက ဆိုပါတယ်။ ယင်းအသင်းဟာ အိန္ဒိယမှာ ရွေးကောက်ပွဲ ရန်ပုံငွေအတွက် လုပ်ဆောင်နေတဲ့ အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒီစနစ်အပေါ် ဥပဒေကြောင်းအရ အရေးဆိုခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

ဒီစနစ်အပေါ် မိုဒီရဲ့ အစိုးရက ကာကွယ်ပြောဆိုရာမှာတော့ နိုင်ငံရေးဆိုင်ရာ ရန်ပုံငွေထည့်ဝင်ရာမှာ ငွေသား သို့မဟုတ် ငွေမည်း အသုံးပြုမှု လျော့ပါးစေကာ အလှူရှင်တွေအနေနဲ့ မည်သည့်ပါတီရဲ့ ရန်ပုံငွေအတွက်မဆို လျှို့ဝှက်လမ်းကြောင်းတစ်ခုကနေ လှူဒါန်းနိုင်စေတယ်လို့ ဆိုခဲ့ပါတယ်။

Ref: The Star


LEAVE A REPLY

Please enter your comment!
Please enter your name here