အာကာသမှ ထောက်လှမ်းတွေ့ရှိသော ရေနံနှင့် ဓာတ်ငွေ့ မီသိန်း ယိုစိမ့်မှုများကို Google Map တွင် ဖော်ပြသွားမည်

0
140

Google နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Environmental Defense Fund တို့ ပူးပေါင်းလွှတ်တင်မည့် ဂြိုဟ်တုအသစ်က အာကာသမှ ထောက်လှမ်းတွေရှိလာမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများကြောင့် ရာသီဥတုပူနွေးလာမှု အရင်းအမြစ်များကို Google Map တွင် ဖော်ထုတ်ပြသသွားမည့် ဆောင်ရွက်မှုအကြောင်းကို ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Google နှင့် Environmental Defense Fund တို့ ပူးပေါင်းလွှတ်တင်မည့် MethaneSAT ဂြိုဟ်တု သည် ကမ္ဘာတစ်ဝှမ်းရှိ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို စောင့်ကြည့်ရန် လွှတ်တင်မည့် ဂြိုဟ်တုအများအပြားထဲမှ တစ်ခုဖြစ်ပြီး သာမန်မျကိစိဖြင့် မမြင်နိုင်သော ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်သည့် အဓိကရင်းမြစ်များကို ရှာဖွေဖော်ထုတ်ရန်အတွက် လာမည့်လတွင် လွှတ်တင်မည်ဖြစ်သည်။

ဂြိုလ်တုမှ ဒေတာများကို ယခုနှစ်နှောင်းပိုင်းတွင် ရနိုင်မည်ဖြစ်ပြီး၊ ယင်း ဒေတာအချက်အလက်များကို စီမံဆောင်ရွက်နိုင်ရန် တွက်ချက်မှုစွမ်းရည်များကို Google Cloud က ပံ့ပိုးပေးမည်ဖြစ်သည်။

ရေနံသိုလှောင်ကန်များကဲ့သို့ အစိတ်အပိုင်းများကို ရှာဖွေဖော်ထုတ်ရန်အတွက် AIနည်းပညာကို အသုံးပြု၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံမြေပုံကို ဖန်တီးသွားမည်ဟုလည်း Google က ပြောကြားခဲ့သည်။ ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ MethaneSAT ၏ဒေတာများအရ မည်သည့်ရေနံနှင့်ဓာတ်ငွေ့သုံးပစ္စည်းအမျိုးအစားများထံမှ အများဆုံးထုတ်လွှတ်လေ့ရှိသည်ဆိုခြင်းကို အများသူငါနားလည်နိုင်ရန် Google မြေပုံတွင် အလွှာတစ်ခုအဖြစ် ထပ်မံတင်ပြသွားမည်ဟုလည်း သိရမည်။

အချက်အလက်များကို ဘူမိသုတေသနပလက်ဖောင်းတစ်ခုဖြစ်သော Google Earth Engine မှ ယခုနှစ်နှောင်းပိုင်းတွင် ရရှိမည်ဖြစ်ပါသည်။ Google Earth Engine သည် သုတေသီများ၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများအတွက် အခမဲ့ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ယိုစိမ့်မှုများအား တားဆီးရန် မဖြစ်မနေလုပ်ဆောင်ရမည့် အစီအမံများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပြုထားသည်။ အမေရိကန် သဘာ၀ပတ်ဝန်းကျင်လုံခြုံရေးအေဂျင်စီမှ စည်းမျဉ်းသစ်အရ မီသိန်း ထောက်လှမ်းမှု နည်းပညာကို သုံးစွဲနိုင်ပါက ကြီးမားသော မီသိန်း ထုတ်လွှတ်မှုများကို ဗဟိုအစိုးရ တာဝန်ရှိသူများထံ အသိပေးတိုင်ကြားနိုင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here