ဖေဖေါ်ဝါရီ (၂၁) ရက်နောက်ပိုင်း ထိုင်းဗီဇာလျှောက်မှု လက်ခံဆောင်ရွက်မည့်ပုံစံကို ထပ်မံကြေညာပေးမည်ဟု ထိုင်းသံရုံးပြော

0
127

ဗီဇာ လျှောက်ထားမှုအတွက် တစ်ရက်လျင် အယောက် (၄၀၀) သာ လက်ခံမည့်အစီအစဉ်သည် ဖေဖေါ်ဝါရီ (၂၁) ရက်အထိသာ အကျုံးဝင်ပြီး အဆိုပါရက်နောက်ပိုင်း လက်ခံမည့် အစီအစဉ်ကို ထပ်မံကြေညာပေးမည်ဟု ထိုင်းသံရုံးက အသိပေးထားသည်။

ယနေ့ ဖေဖေါ်ဝါရီ (၁၆) ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထပ်မံအသိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူအရေအတွက် များပြားနေသည့်အတွက် နေ့စဉ် အယောက် (၄၀၀) ကိုသာ ကြိုတင် တိုကင်ပေးသည့်စနစ်ဖြင့် လက်ခံသွားမည်ဟု ဖေဖေါ်ဝါရီ (၁၄) ရက်က အသိပေးထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ယနေ့ နေ့လယ်ပိုင်းတွင် ထပ်ဆင့်အသိပေးလာခြင်းလည်းဖြစ်သည်။

ဗီဇာလျှောက်ထားခြင်းနှင့်ပတ်သက်၍ လက်ခံဆောင်ရွက်မည့် နည်းလမ်းထုတ်ပြန်ကြေငြာချက်အမှတ် (၂) သည်ဖေဖော်ဝါရီလ (၁၆) ရက်တွင် စတင်အကျုံးဝင်မည်ဖြစ်ပြီး ဖေ ဖော်ဝါရီလ (၁၆)ရက်၊ (၁၉)ရက်၊ (၂၀)ရက်၊ (၂၁) ရက်တို့၏ ဗီဇာလျှောက်ထားခြင်းအတွက် တိုကင်နံပါတ်များကို ကြိုတင်လာရောက်ယူနိုင်ကြောင်းလည်း အသိပေးထားသည်။

တိုကင်နံပါတ်များကို ဗီဇာလာရောက် လျှောက်ထားသည့်သူများအား ရုံးဖွင့်ချိန်မတိုင်ခင် မြန်မာစံတော်ချိန် မနက် (၈) နာရီခွဲအချိန်မှစ၍ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

တိုကင်လာလျှောက်ထုတ်ယူသူများအား တာဝန်ရှိသူများမှ ပတ်စပို့နှင့် သေချာစစ်ဆေးပြီး မှန်ကန်မှသာ ဗီဇာလျှောက်မည့်လူကိုယ်တိုင် တိုကင်ထုတ်ယူပြီး နာမည်စာရင်းရေးမှတ်ရမည်ဖြစ်သောကြောင့် အဆိုပါ တိုကင်နံပါတ်ကို အခြားသူထံ လွှဲပြောင်းခြင်းပြုလုပ်နိုင်မည် မဟုတ်သည့်အပြင် တိုကင်နံပါတ်ခုသည် ဗီဇာလျှောက်ထားမည့်လူတစ်ဦးအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းတိုကင်နံပါတ်အား အလွဲသုံးစားလုပ်ခြင်း(သို့မဟုတ်) တိုကင်အတုအပပြုလုပ်ခြင်းကို တွေ့ရှိပါက ဗီဇာလျှောက်ထားခွင့်ပိတ်မည်ဖြစ်ပြီး အမည်ပျက်စာရင်းထဲ၌ မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ပတ်စ်ပို့စ်ကိုင်ဆောင်ထားသူများအနေဖြင့် ထိုင်းနိုင်ငံသို့ လည်ပတ်ရာတွင် (၁၄) ရက်ထက် မကျော်ပါက ဗီဇာလျှောက်ထားရန် မလိုအပ်ဘဲ ဝင်ရောက်လည်ပတ်နိုင်ကြောင်းလည်း သံရုံးက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here