မြန်မာလုပ်ငန်းရှင်အားသတ်ဖြတ်သည့် ကင်မရွန်း နှစ်ဦး စင်္ကာပူသို့ထွက်ပြေးတိမ်းရှောင်

0
236

ဘန်ကောက်၊ဖေဖော်ဝါရီ ၁၆

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ လူနေတိုက်ခန်းတစ်ခု၌ ဖေဖော်ဝါရီ လ ၁၄ ရက်က မြန်မာစီးပွားရေးလုပ်ငန်းရှင်အား သတ်ဖြတ်မှုကိုကျူးလွန်ခဲ့သည်ဟု သံသယရှိသော နိုင်ငံခြားသားနှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် ထိုင်းရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါနိုင်ငံခြားသားနှစ်ဦးသည် မူလသတင်းများတွင် ဖော်ပြခဲ့သကဲ့သို့ စကော့လူမျိုးနှစ်ဦးမဟုတ်ဘဲ ကင်မရွန်းနိုင်ငံသားနှစ်ဦးဖြစ်ကြကာ အသတ်ခံရသူစီးပွားရေးလုပ်ငန်းရှင်ထံမှ ဘတ်ငွေငါးသန်းကိုယူ၍ စင်္ကာပူသို့ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်ဟု စုံထောက်များက ဖေဖော်ဝါရီလ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးမှာ အသက် ၃၂ နှစ်ရှိ ဝီလျံ (ခေါ်) ရော်ဘင်ဆန်ဆာဟားစ်နှင့် ဂျွန်ဟုခေါ်သော အသက် ၃၆ နှစ်အရွယ်ရှိ ဗစ်ဆီယိုဒီလော့ဒ်မန်ဂိုင်းကမ်တို့ဖြစ်သည်ဟုပြောကြားခဲ့သည်။၎င်းတို့နှစ်ဦးသည် ကမ္ဘာလှည့်ခရီးသွားများအသွင်ဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိလာခဲ့ကြကာ ဆာသုန်ခရိုင်၏ သွန်မာဟာမက် နယ်မြေရှိ တိုက်တန်းလျားတစ်ခုတွင် နေခဲ့ကြခြင်းလည်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား ဖေဖော်ဝါရီ ၁၄ ရက် နံနက်အစောပိုင်းက အသက် ၅၀ ကျော်အရွယ်ရှိ မြန်မာစီးပွားရေးလုပ်ငန်းရှင် အသတ်ခံရသောကွန်ဒိုအဆောက်အအုံအတွင်းမှ ထွက်လာကြသည်ကိုတွေ့ခဲ့ သည်ဟု ဆိုသည်။၎င်းတို့က ၎င်းတို့၏တိုက်တန်းလျားသို့ ပြန်သွားကြကာ အငှားယာဉ်တစ်စီးခေါ်၍ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၅ နာရီလေယာဉ်ဖြင့် ဒွန်မောင်းလေဆိပ်မှ စင်္ကာပူသို့ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင်မှာ ဘန်ကောက်မြို့ရှိ ကွန်ဒိုအဆောက်အအုံ၏ ၂၃ ထပ်မြောက်အခန်းထဲ၌ မျက်နှာ၊နားများနှင့်ခေါင်းတို့တွင်ဒဏ်ရာများဖြင့် သွေးအိုင်ထဲလဲကျသေဆုံးနေသည်ကို ရဲ များရောက်ရှိသွားချိန်တွင်တွေ့ကြရသည်ဟုဆိုသည်။

ယင်းအဖြစ်အပျက်၏ တစ်ဦးတည်းသောမျက်မြင် သက်သေမှာလည်း အသတ်ခံရသူမြန်မာလုပ်ငန်းရှင်၏ မွေးစားမိခင်ဟုဆိုသည့်အမျိုးသမီးဖြစ်ပြီး ၎င်းသည် ရဲတပ်ဖွဲ့သို့စကားပြန်မှတစ်ဆင့်ပြောကြားခဲ့သည်မှာ လူသတ်သမားနှစ်ဦးက ၎င်းသတိလစ်ကာမူးမေ့လဲသွားသည်အထိ လည်မျိုကိုညှစ်ခဲ့ကြကြောင်းပြောကြားခဲ့သည်။

စီစီတီဗွီ လုံခြုံရေးကင်မရာကိုစစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၃ ရက်၊ည ၁၀ နာရီ ၂၂ မိနစ်နှင့် ၁၀ နာရီ ၃၃ မိနစ်တို့အကြားတွင် အဆိုပါတိုက်ခန်းထဲ၌ လူလေးဦးရှိကြောင်း၊၎င်းတို့မှာ အသတ်ခံရသည့်စီးပွားရေးလုပ်ငန်းရှင်၊မွေးစားမိခင်အမျိုးသမီးကြီးနှင့် ဂျွန်နှင့်ဝီလျံ ဟုဆိုကြသည့် လူသတ်သမားဟုမသင်္ကာရသူနှစ်ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့သည်။

အဆိုပါဗီဒီယို၌ မိခင်အမျိုးသမီးသည် ည ၁၁ နာရီတွင် လုံခြုံရေးအစောင့်အား သွားရောက်အကြောင်းကြားပြီး အခန်းထဲမှမြန်မာစီးပွားရေးလုပ်ငန်းရှင်လဲကျသေဆုံးနေသည်ကို ယင်းဗီဒီယိုထဲ၌တွေ့ရှိရသည်။မိခင်အမျိုးသမီးမှာ သတိလစ်နေရာမှ သတိပြန်ရချိန်တွင် သားဖြစ်သူအသတ်ခံထားရသည်ကိုတွေ့ခဲ့ခြင်းဖြစ်သည်။

ရဲများရောက်ရှိလာချိန်တွင် အခင်း ဖြစ်ပွားရာနေရာ၌ ခရီးဆောင်အိတ်နှစ်လုံးကိုတွေ့ခဲ့ရပြီး တစ်အိတ်တွင် သေဆုံးသူ၏စာရွက်စာတမ်းများတွေ့ရကာ နောက်တစ်အိတ်သည် အဝတ်အစားအိတ်တစ်အိတ်ဖြစ်သည်ဟုဆိုသည်။

အသတ်ခံရသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်သည် ဖေဖော်ဝါရီ ၇ ရက်ကပင် အဆိုပါတိုက်ခန်း၌ ရောက်ရှိနေထိုင်ခြင်းဖြစ်ကာ ထိုင်းနိုင်ငံသို့ မကြာခဏလာရောက်တတ်သူဖြစ်ကြောင်း၊ဘန်ကောက် – ရန်ကုန်နှင့် ဘန်ကောက် – ဟနွိုင်းတို့သို့သွားခဲ့ဖူးသူဖြစ်သည်ဟုလည်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Source : သည်ထိုင်းဂျား


LEAVE A REPLY

Please enter your comment!
Please enter your name here