လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများကြိုတင်စနစ်ဖြင့်ရောင်းချမှုများရှိနေသည့်အတွက် ထပ်မံသတိပေး

0
195

လျှပ်စစ်သုံးယာဉ် (EV)နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသော်လည်း ဆက်လက်ရောင်းချမှုများရှိနေသည့်အတွက် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီး မြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ ထပ်မံသတိပေးထားသည်။

လက်ရှိ EV ကားဈေးကွက်တွင် ကားတစ်စီး၏ တန်ဖိုးသည် သိန်း (၈၀၀) မှ (၂၀၀၀) နီးပါးထိရှိနေပြီး  ပြည်တွင်း၌လည်း ရောက်ရှိထားသည့်ယာဉ်များ ရှိနေသည့်အပြင် မြန်မာနိုင်ငံသို့ မရောက်ရှိသေးသည့် ယာဉ်များကိုလည်း ကြိုတင်ရောင်းချမှုများ ရှိနေကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင် သွင်းသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ် (EV) များ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် (၂၀) ရာခိုင်းနှုန်းထက် ပိုမိုရောင်းချခြင်း မပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်း မပြုရန်၊ မော်တော် ယာဉ်ရောက်ရှိခြင်း မရှိဘဲ pre order ဖြင့် ကြိုတင် ရောင်းချခြင်းမပြုရန် အသိပေး‌ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

ယင်းတားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိသော အဆိုပါ ကုမ္ပဏီများအား စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာ ဥပဒေအရ အရေးယူခြင်းကိုဆောင် ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ ကြေညာ ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here