Avdeyevka မြို့ကို ထိန်းချုပ်ထားသော ယူကရိန်းတပ်များ လက်နက်ချ ဆုတ်ခွာခဲ့ဟုဆို

0
124

Avdeyevka မြို့ကို ထိန်းချုပ်ရန် တာဝန်ရှိသော ယူကရိန်း စစ်ဆင်ရေးဗျူဟာ တပ်ဖွဲ့ Tavria သည် နေရာအချို့တွင် လက်နက်ချ ဆုတ်ခွာခဲ့ကြောင်း ယင်းအဖွဲ့၏ တပ်မှူး Alexander Tarnavsky က ၎င်း၏ Telegram ရုပ်သံလိုင်းတွင် ပြောကြားခဲ့သည်။

“ယူကရိန်းတပ်ဖွဲ့ဝင်များသည် ပျက်စီးနေသောနေရာများမှ ဆုတ်ခွာပြီး လိုအပ်ပါက နေရာသစ်များကို သိမ်းပိုက်ရယူသွားရန် စစ်ဆင်ရေးဆောင်ရွက်ခဲ့သည်” ဟု ၎င်းက ပြောကြားခဲ့သည်။ “သို့ရာတွင် ကံမကောင်းစွာဖြင့်၊ ထိုကဲ့သို့ စစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း ကျွန်ုပ်တို့တပ်ဖွဲ့ဝင်အများအပြား အဖမ်းခံခဲ့ရသည်”ဟု တပ်မှူး Alexander Tarnavsky ကပြောသည်။

Avdeyevka မြို့တွင် တပ်စွဲထားသော ယူကရိန်းတပ်များအတွက် ခံစစ်နေရာသစ်များ ပြင်ဆင်ထားပြီးဖြစ်ကြောင်း Tarnavsky က သောကြာနေ့တွင် အစီရင်ခံတင်ပြခဲ့ပြီး ဘန်ကာအသစ်များ ထူထောင်ရန် ကြိုးပမ်းမှုများကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ Avdeyevka ဒေသ ၏အခြေအနေသည် “ခက်ခဲသော်လည်းထိန်းချုပ်နိုင်သည်” ဟုလည်း သူကဆိုသည်။

ပြီးခဲ့သောရက်အနည်းငယ်အတွင်းကပင်လျှင် စစ်ဘက်ကျွမ်းကျင်သူများသည် Avdeyevka မြို့၏အခြေအနေအား စိုးရိမ်ရသည်ဟု သတ်မှတ်ထားကြပြီး ၎င်းအား ယူကရိန်းတပ်ဖွဲ့ဝင်များက အသေအပျောက်များစွာ ကြုံတွေ့ခဲ့ရသည့် Artyomovsk (Bakhmut) နှင့် နှိုင်းယှဉ်ပြောကြားခဲ့ကြသည်။

Avdeyevka သို့ ချီတက်ရာတွင် နေရာအချို့၌ တပ်စွဲထားသော တပ်မဟာ ၁၁၀ ၏ တာဝန်ရှိသူက ယခုသီတင်းပတ်အစောပိုင်းတွင် မိမိတပ်ဖွဲ့သည် ယခုအခြေချထားမှုကို ဆက်လက်ထိန်းသိမ်းရန် စွမ်းရည်မရှိတော့ကြောင်း ဝန်ခံခဲ့သည်။ လူသူလက်နက် ဖြည့်တင်းရန်အတွက် Avdeyevka သို့ ပြောင်းရွှေ့ထားသော အမှတ် ၃ ခြေမှုန်းရေးတပ်မသည် ရှေ့တန်း၏ ဤအပိုင်းတွင် အလွန်အရေးကြီးနေကြောင်းကိုလည်း အစီရင်ခံခဲ့သည်။

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်သေနာပတိဖြစ်သည့် Valery Zaluzhny က ယူကရိန်းစစ်တပ်သည် Avdeyevka ကို နှစ်လသုံးလအတွင်း စွန့်လွှတ်ရနိုင်သည်ဟု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းကပင်လျှင် ပြောကြားခဲ့သည်။

ယူကရိန်း စစ်ဘက်ဆိုင်ရာ ယူနစ်များကို Avdeyevka မြို့မှ ဆုတ်ခွာရန် ယူကရိန်း စစ်ဦးစီးချုပ် Alexander Syrskyက စနေနေ့တွင် အမိန့်ပေးခဲ့သည်။

“Avdeyevka တစ်ဝိုက်က စစ်ဆင်ရေး အခြေအနေကို အခြေခံပြီး မိမိတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးချုပ်နှောင်ခံရတာကို တားဆီးဖို့နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အသက်နဲ့ ကျန်းမာရေးကို ကယ်တင်ဖို့အတွက်၊ မြို့ထဲကနေ ဆုတ်ခွာပြီး ပိုမိုကောင်းမွန်တဲ့ ခံစစ်နေရာကို ရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု Syrsky က ၎င်း၏ Facebook အကောင့်တွင် ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here