ရာဖာမြို့ ထိုးစစ်အတွက် အသေအချာ ပြင်ဆင်နေပြီဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ပြော

0
137

ဂါဇာတောင်ပိုင်း ရာဖာမြို့ ထိုးစစ်အတွက် သေချာ စေ့စေ့စပ်စပ် ပြင်ဆင်နေတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက သောကြာနေ့မှာ ပြောဆိုခဲ့ပြီး ပါလက်စတိုင်း ထောင်ပေါင်းများစွာ ရောက်ရှိခိုလှုံနေရာ ဒေသနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေသော်ငြား စစ်ဆင်ရေး ရှေ့ဆက်တိုးမယ့် ဆုံးဖြတ်ချက်ကို ပြသခဲ့ပါတယ်။

အရပ်သားတွေကို အကာ အကွယ်ပေးမယ့် ယုံကြည်လောက်စရာ အစီအစဉ် မရှိဘဲ စစ်ဆင်ရေးလုပ်ဆောင်ခြင်း မပြုဖို့နဲ့ ယင်းအစား အပစ်ရပ်စဲရေးကို အာရုံစိုက်ပေးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို တိုက်တွန်းပါတယ်။ ထို့အတူ အဆိုပါ စစ်ဆင် ရေးဟာ နိုင်ငံတကာအကြား သံတမန်ဆက်ဆံရေးကို ခြိမ်းခြောက်မှုဖြစ်နိုင်တယ်လို့
အီဂျစ်နိုင်ငံက ပြောဆိုသလို အခြားနိုင်ငံများစွာကလည်း စစ်ဆင်ရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ရာဖာမြို့ဆီကို ဂါဇာလူဦးရေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ပါလက်စတိုင်း ၁.၄ သန်းခန့် ရောက်ရှိနေပြီး အများစုက တိုက်ပွဲဖြစ်ပွားရာ အခြားဒေသတွေကနေ စစ်ရှောင်ရောက်ရှိနေကြတာဖြစ်ပါတယ်။ စစ်ရှောင်ထောင်ပေါင်းများစွာဟာ ယာယီတဲစခန်းတွေမှာ ပြန့်ကျဲ တည်ရှိနေကြတာလည်း ဖြစ်ပါတယ်။

သောကြာနေ့မှာ ကာကွယ်ရေးဝန်ကြီး Yoav Gallant က သတင်းထောက်တွေကို ပြောဆိုရာမှာ ယခုအခါ ငါးလအတွင်း ရောက်ရှိလာပြိဖြစ်တဲ့ စစ်ပွဲအတွင်း အစ္စရေးဟာ ဟားမတ်စ်တို့အပေါ် အကြီးအကျယ် ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်းနဲ့ ရာဖာဟာ အစ္စရေး ပစ်မှတ်ထားတဲ့ နောက်ထပ် ဟားမတ်စ် ဗဟိုချက်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“အရေးပါတဲ့ ဟားမတ်စ် အမာခံနယ်မြေ ရာဖာမှာ အနာဂတ် စစ်ဆင်ရေးတွေကို ကျွန်တော်တို့ သေချာ ပြင်ဆင်နေပါတယ်” လို့ သူက ပြောဆိုပြီး ထိုးစစ် ဘယ်အချိန်စမလဲဆိုတာကိုတော့ ပြောဆိုခြင်း မပြုခဲ့ဘဲ အစ္စရေးအနေနဲ့ အရပ်သားတွေ ကယ်ထုတ်ရေးအစီအစဉ်တစ်ခု ပထမဆုံးစလုပ်မယ်လို့ ပြောထားပြီးဖြစ်ကြောင်းသာ ဆိုခဲ့ပါတယ်။

ပါလက်စတိုင်းနဲ့ နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီတွေကတော့ အစ္စရေးအနေနဲ့ ရာဖာအပါအဝင် ဘေးလွတ်ရာရှောင်ရှားဖို့ ပြောထားခဲ့တဲ့ နေရာတွေမှာပါ တိုက်ပွဲတွေဆင်နေတာဖြစ်လို့ လုံခြုံဘေးကင်းတဲ့ သွားစရာနေရာ မရှိတော့ကြောင်း ပြောဆိုခဲ့ကြပါတယ်။

Ref: Idaho Press


LEAVE A REPLY

Please enter your comment!
Please enter your name here