Super Bowl အောင်ပွဲခံလှည့်လည်စဥ်ကသေနတ်ပစ်ခံရလို့ သေဆုံးခဲ့သူ၏ မိသားစုကို တေလာဆွစ်က ဒေါ်လာ တစ်သိန်း ပေးလှူ

0
158

အမေရိကန်ပြည်ထောင်စု ကင်ဆပ်စ်စီးတီးမှာ Chiefs အသင်းရဲ့ Super Bowl အောင်ပွဲခံ လှည့်လည်မှုအတွင်း လူအစုလိုက် သေနတ်ပစ်ခံရမှုဖြစ်ပွားခဲ့ရာမှာ သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ မိသားစုအတွက် ရန်ပုံငွေအဖွဲ့ကို တေလာဆွစ်က သောကြာနေ့မှာ ကန်ဒေါ်လာ တစ်သိန်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

သေနတ်ပစ်ခတ်မှုအတွင်း လူတစ်ဦးသေဆုံးကာ ကလေးများစွာအပါအဝင် ၂၂ ဦး ဒဏ်ရာရခဲ့ပြီး သေဆုံးခဲ့သူ အယ်လီဇဘက် လိုပက် ဂါလ်ဗင်ရဲ့ မိသားစုအတွက် ဒေါ်လာ ၇၅၀၀၀ ရရှိရေးကောက်ခံပေးဖို့ ကြာသပတေးနေ့မှာ GoFundMe ပေ့ချ် ထူထောင်ခဲ့တာဖြစ်ပါတယ်။

ဒေါ်လာ ငါးသောင်း လှူဒါန်းမှုနဲ့အတူ သင်တို့ရဲ့ ထိခိုက်ဆုံးရှုံးရမှုအတွက် အလေးအနက် ဝမ်းနည်းကြေကွဲရပါကြောင်း တေလာဆွစ်က ပြောထားခဲ့ပြီး မိနစ်ပိုင်းအကြာမှာ ဒုတိယအကြိမ် အလားတူ ငွေပမာဏ ထပ်မံလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဆွစ်ရဲ့ လက်ထောက်တစ်ဦးကလည်း ပေ့ချ်ကို အဆိုတော်က ငွေကြေးထည့်ဝင် လှူဒါန်းခဲ့ကြောင်း Variety မဂ္ဂဇင်းကို အတည်ပြု ပြောဆိုပါတယ်။

တေလာဆွစ်နဲ့အတူ အခြား လူ ၂၀၀၀ ကျော်ကလည်း ပေ့ချ်မှာ လှူဒါန်းမှုတွေ လုပ်ခဲ့တာကြောင့် ရန်ပုံငွေ ကန်ဒေါ်လာ ၂၀၀၀၀၀ ကျော် ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က အောင်ပွဲ လှည့်လည်မှုအတွင်း ပစ်ခတ်မှုဟာ အငြင်းပွားမှုတစ်ခုကနေ စတင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးထားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ဆိုးသွမ်းလူငယ် နှစ်ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့ ပြောဆိုပါတယ်။

Chiefs အသင်းဟာ ဖေဖော်ဝါရီ ၁၁ ရက်က San Francisco 49ers အသင်းကို အနိုင်ရပြီးနောက် ငါးရာသီအတွင်း တတိယမြောက် Super Bowl ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

ဆွစ်ဟာ Chiefs အသင်းသား Travis Kelce နဲ့ ချစ်သူတွေဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်က ချန်ပီယံလုပွဲ အပါအဝင် ယခုရာသီ ပွဲစဉ်တိုင်းကို လာရောက်အားပေး​နေတာဖြစ်ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here