အိန္ဒိယကို ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောတစ်စင်း ပင်လယ်နီမှာ ဒုံးကျည်ပစ်လွှတ် တိုက်ခိုက်ခံရ

0
152

ရေနံစိမ်းတွေ တင်ဆောင်ကာ အိန္ဒိယနိုင်ငံကို ထွက်ခွာလာတဲ့ ပနားမားအလံလွှင့် ရေနံတင်သင်္ဘောတစ်စင်း ပင်လယ်နီရေပြင်မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သောကြာနေ့မှာ ပြောဆိုပါတယ်။

M/T Pollux သင်္ဘောကို ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ထိမှန်ခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဆိုပါတယ်။

ဗြိတိန် ရေကြောင်းကုန်သွယ်မှု အော်ပရေးရှင်း(UKMTO) နဲ့ ဗြိတိသျှ ရေကြောင်း လုံခြုံရေးကုမ္ပဏီ Ambrey တို့က သောကြာနေ့ အစောပိုင်းမှာ ထုတ်ပြန်ခဲ့မှုအရ ယီမင်ကမ်းလွန် မိုခါဆိပ်ကမ်း အေနောက်မြောက်ဘက် ရေမိုင် ၇၂ မိုင်အကွာမှာ ပနားမားအလံလွှင့်သင်္ဘော ဒုံးကျည်ထိမှန်ခဲ့တာလို့ သိရပါတယ်။

“သင်္ဘောအနည်းငယ် ပျက်စီးမှု ရှိခဲ့ပြီး သင်္ဘောသားတွေတော့ ဒဏ်ရာရခြင်းမရှိဘဲ ဘေးကင်းတယ်လို့ သတင်းရရှိပါတယ်” လို့ Ambrey က ဆိုခဲ့ပါတယ်။

ဟူသီသူပုန်အဖွဲ့အနေနဲ့  ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို နိုင်ငံတကာရဲ့ ပူးတွဲ ထုတ်ပြန်တောင်းဆိုချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာလည်း နိုင်ငံတကာ သင်္ဘောလိုင်းတွေအပေါ် ဥပဒေမဲ့တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတယ်ဆိုတာ ဒါက နောက်ထပ် ဥပမာတစ်ခုပါပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံ ပင်လယ်နက်ဆိပ်ကမ်းမြို့ Novorossiysk ကနေ ဇန်နဝါရီ ၂၇ ရက်မှာ ထွက်ခွာလာတဲ့ M/T Pollux သင်္ဘောဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အိန္ဒိယနိုင်ငံ Paradip မှာ ဆိုက်ကပ်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့  LSEG အချက်အလက်တွေအရ သိရပါတယ်။ အိန္ဒိယ ရေနံကုမ္ပဏီဟာ အရှေ့ပိုင်း Odisha ပြည်နယ်မှာ တစ်ရက်ကို ရေနံစည် ၃၀၀၀၀၀ ခန့်ထွက်ရှိတဲ့ ရေနံချက်စက်ရုံတည်ရှိကြောင်း သိရပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်သင်္ဘောကို Oceanfront Maritime Co.SA ကပိုင်ဆိုင်ပြီး Sea Trade Marine SA က စီမံခန့်ခွဲနေတာဖြစ်တယ်လို့ သိရပါတယ်။ ယခု သတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာတော့ ယင်း ကုမ္ပဏီတွေရဲ့ တာဝန်ခံတွေက လတ်တလောမှာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

Ref: ARAB News


LEAVE A REPLY

Please enter your comment!
Please enter your name here