ထုံဘူရီကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီက မြန်မာနိုင်ငံ၌ ဆေးရုံတိုးချဲ့ဆောက်လုပ်မည်

0
162

ဘန်ကောက်၊ဖေဖော်ဝါရီ ၁၆

ထိုင်းနိုင်ငံ၏ ထုံ ဘူရီကျန်းမာရေးစောင့်ရှောက်မှု အများပိုင်ကုမ္ပဏီလီမိတက်(THG) က မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဆေးကုသမှုခံယူလာသူများ ပို၍များပြားလာသောကြောင့် ၎င်းအနေနှင့် မြန်မာနိုင်ငံ၌ ဆေးရုံတိုးချဲ့ဖွင့်လှစ်သွားရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

THG က ရင်းနှီးမြှုပ်နှံမှုအသစ်များအတွက် လေ့လာမှုတစ်ရပ်ပြုလုပ်လျက်ရှိပြီး တွေ့ရှိချက်များအား မကြာမီထုတ်ပြန်သွားမည်ဟုလည်း အမှုဆောင်အရာရှိချုပ်ကပြောကြားခဲ့သည်။လက်ရှိတွင် THG သည် ရန်ကုန်၌ ၉၇ ကုတင်ဆန့် ဆေးရုံတစ်ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်သော်လည်း မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့်ရင်းနှီးမြှုပ်နှံမှုအသစ်များပြုလုပ်ရန်နှောင့်နှေးခဲ့ရသည်။

ဒေါက်တာ တာနာတစ်ကမူ “အထူးသဖြင့်ကျပ်ငွေတန်ဖိုးက ဘတ်ငွေနဲ့လဲလှယ်ရာမှာ နိမ့်ကျလာခဲ့တာမို့ မြန်မာနိုင်ငံတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် လိုအပ်မှုတွေတိုးပွားလာနေပါတယ်” ဟုလည်းပြောကြားခဲ့သည်။

THG အနေဖြင့် ဆေးရုံကုတင်များ တိုးချဲ့သွားရန်စီစဉ်လျက်ရှိပြီး လူနာများကို လည်း ကုသစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းအသစ်များ ေပးသွားမည်ဟုဆိုခဲ့သည်။ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၌ တိုးတက်လာရန်အလားအလာရှိသည်ဟုယုံကြည်ကြောင်း၊သို့သော် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုရှိနေကြောင်းလည်းပြောကြားခဲ့သည်။

THG သည် အရိုးရောဂါနှင့်ပတ်သက်၍ ကုသမှုခံယူလိုသူတိုးပွားလာသဖြင့် ဗီယက်နမ်နိုင်ငံ၌လည်း အရိုးရောဂါအထူးကုဆေးရုံတစ်ရုံတည်ဆောက်ဖွင့်လှစ်သွားရန်စီစဉ်နေကြောင်းသိရသည်။ထို့ပြင် THG က ဗီယက်နမ်နိုင်ငံ၌ သက်‌သောင့်သက်သာဆေးကုသခံယူလိုသူများအတွက် ဘတ်သန်း ၁၇၀ ကုန်ကျမည့်ဆေးရုံ ဆောက်လုပ်ရေးလုပ်ငန်းကို ဗီယက်နမ်နိုင်ငံ၏ အိမ်ခြံမြေအကျိုးတော်ဆောင်ကုမ္ပဏီ IFF လုပ်ငန်းစုနှင့် Mithmitree ဆေးရုံတို့နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းလည်းယခင်ကပြောခဲ့သေးသည်။

THG က ၎င်း၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များအတွက် ဘတ်ငွေ ငါးဘီလျံလျာထားကြောင်း ၂၀၂၃ ခုနှစ်ကပြောကြားခဲ့သည်။THG သည် ထိုင်းနိုင်ငံအတွင်း၌လည်း ဆေးရုံ ၁၀ ရုံ ပိုင်ဆိုင်ထားပြီးဖြစ်ကာ စုစုပေါင်းလူနာကုတင် ၁,၅၂၀ ရှိပြီဟုလည်းသိရသည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here