သန်လျင်တံတား အမှတ် (၃) စီမံကိန်း (၉၇) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်

0
286

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) စီမံကိန်းတစ်ခုလုံး၏ ပြီးစီးမှုသည် (၉၇) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃) မှ သိရသည်။

အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှဂျပန်နိုင်ငံ အကူအညီဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ကေဘယ်စတီး သံမဏိကြိုးဆိုင်းတံတာအမျိုးအစားဖြစ်ကြောင်း သိရသည်။

” ဒီတံတားကို ပက်ကေ့သုံးခုခွဲပြီး လုပ်ဆောင်ပါတယ်။ တံတားဦးစီး‌ဌာနအနေနဲ့ တံတားတစ်စင်းလုံးရဲ့လက်ရန်းနဲ့ ပလက်ဖောင်းတွေကို ဆောင်ရွက်ပါတယ်။ လျှပ်စစ်မီးအပိုင်းကိုလည်း ဆောင်ရွက်ပါတယ်။ တံတားအသစ်မှာ အသွားနှစ်လမ်း၊ အပြန်နှစ်လမ်း၊ လေးလမ်းသွားပါ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊တည်ဆောက်ရေးအဖွဲ့(၃) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တံတားအရှည်မှာ မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကြောင်း၊ ၄ လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် မော်တော်ဆိုင်ကယ်လမ်း ၅ ပေစီပါရှိကြောင်း၊ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။

ယင်းတံတားကို ၂၀၂၄ ခုနှစ်၊မေလတွင်ပြီးစီးရန်လျာထားကြောင်း၊ ယင်းလုပ်ငန်းဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီးသွားပါက သံလျင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ ဖြိုး တိုးတက်လာမည်သာမက အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက် စပ် သွားလာနိုင်မည်ဖြစ်ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွ င်း နိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမို ဖွံ့ဖြိုးလာမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here