တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံယူချက်ကောင်းများ ထားရှိကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

0
167

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အကျုံးဝင်သည့်အသက် အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရ

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူများအားလုံးအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခံယူချက်ကောင်းမွန်ရမည်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုးအတွက် ခံယူချက်ကောင်းမွန်သည့် စိတ်ဓာတ်နှင့် ဆောင်ရွက်မှသာလျင်ရုပ်ပိုင်းဆိုင်ရာများလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ဖေဖေါ်ဝါရီ (၁၇) ရက် နံနက်ပိုင်းက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို) ရုံး၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော် ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်မွေးမြူနိုင်ရေးနှင့် မျိုးချစ်စိတ်များ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်မည်ဟုလည်း နစက ဥက္ကဋ္ဌ ပြောကြားသည်။

ထို့အပြင် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လုံးဝအထိခိုက်ခံမည်မဟုတ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပြည်ထောင်စု စိတ်ဓာတ်များ မွေးမြူနိုင်ရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြစ်ပေါ်စေရေး နည်းလမ်းများရှာဖွေဆောင်ရွက်သွားရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်ကို ထိခိုက်ပျက်စီးစေလိုသည့် ပြည်တွင်း၊ ပြည်ပမှသွေးထိုး လှုံ့ဆော်သူများ၊ နိုင်ငံရေးအရ အစွန်းရောက်သူများ၏ ပယောဂများကြောင့် အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်နေကြသည်ကို စိတ်မကောင်းဖြစ်ဖွယ် တွေ့မြင်နေရပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်မှုမရှိဘဲ အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်နေသည့် လမ်းကြောင်းအမှားပေါ်သို့ ရောက်ရှိနေသည်မှာ နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် YMBA အ သင်းကြီးအနေဖြင့် အမျိုးသားရေးစိတ်ဓာတ် ခွန်အားကိုတည်ဆောက်ပေးရမည်ဖြစ်ပြီး လူငယ်လူရွယ်များအနေဖြင့် မူလအခြေခံစိတ်ဓာတ်ကောင်းများရရှိစေရေး၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓာတ်များရရှိစေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့ မှန်ကန်သည့် လမ်းကြောင်းပေါ် ရောက်ရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် YMBA အသင်းကြီးအနေဖြင့် အမျိုးသားရေးကိုဦးဆောင်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ရန်လိုပြီး နိုင်ငံရေးမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် YMBA အသင်းကြီး အနေဖြင့်ဆောင်ရွက်ကြစေလိုကြောင်းလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍၍လည်း နစက ဥက္ကဋ္ဌက ရှင်းလင်း ပြောကြားခဲ့ရာ ယင်းဥပဒေနှင့် အကျုံးဝင်သည့် သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးကို ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ယင်း ဥပဒေနှင့် ပတ်သက်၍ နယ်အသီးသီးရှိ YMBA အသင်း အဖွဲ့များအနေဖြင့်လည်း ကိုယ်တိုင်လည်း သိရှိနားလည်ရန်လိုအပ်ပြီး ပြည်သူများ အသိအမြင်မှန်များရရှိစေရေးအတွက် ဆောင်ရွက်ပေးကြရန်လည်း နစက ဥက္ကဋ္ဌက မှာကြားသွားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး (YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်းကြီး (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် နာယကများ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here