ယူကရိန်း Avdiivka မြို့ ကျဆုံးခြင်းအတွက် လွှတ်တော်အမတ်တွေကို ဘိုင်ဒင် အပြစ်တင်

0
180

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက အမာခံနယ်မြေ Avdiivka ကို ရုရှားက သိမ်းပိုက်သွားခြင်းအတွက် လွှတ်တော်ရဲ့ လုပ်ဆောင်ချက် ပျက်ယွင်းမှုအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အပြစ်တင်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းအတွက် အသည်းအသန် လိုအပ်နေတဲ့ စစ်ရေးအကူအညီ ဒေါ်လာ ဘီလီယံ ၆၀ ဟာ ပါတီတွင်း မကျေလည်မှုတွေကြောင့် အမေရိကန်လွှတ်တော်မှာ အတည်ပြုချက်မရ ဖြစ်နေခဲ့ချိန် မြို့ကျဆုံးမှုဖြစ်ခဲ့တာပါ။

ယူကရိန်းတပ်တွေအတွက် အထောက်အပံ့တွေ ကျဆင်းမှုကြုံနေစဉ် စနေနေ့မှာ ဘိုင်ဒင်က ယူကရိန်း သမ္မတ ဇလန်းစကီးကို ဖုန်းခေါ်ဆိုပြီး ယူကရိန်းကို ထောက်ပံ့ကူညီမယ့် အမေရိကန်ရဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်လို့ အလေးထားပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပြောဆိုပါတယ်။

ကွန်ဂရက်ရဲ့ လုပ်ဆောင်ချက် ပျက်ယွင်းမှုကြောင့် ထောက်ပံ့ပစ္စည်း ကျဆင်းမှုဖြစ်ခဲ့ကာ ယူကရိန်းစစ်သားတွေကို ရိက္ခာ ခဲယမ်း အကန့်အသတ်နဲ့ ပေးခဲ့ရပြီးနောက် Avdiivka မြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာပေးခဲ့ရတာဖြစ်ပြီး ရုရှားအတွက် လများစွာအတွင်း ပထမဆုံး ထူးခြားသော အောင်မြင်မှုဖြစ်စေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

ယူကရိန်းရဲ့ အချုပ် အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုအတွက် အမေရိကန်အစိုးရနဲ့ အမေရိကန်ပြည်သူတွေအကြား ခိုင်မာတဲ့ ဘက်ပေါင်းစုံမှ ထောက်ခံမှုကို ဘိုင်ဒင်က ထပ်လောင်းအတည်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ယူကရိန်းအတွက် အကူအညီတွေအပါအဝင် အသုံးစရိတ် ဥပဒေကြမ်းကို အမြန်ဆုံးအတည်ပြုပေးဖို့ ကွန်ဂရက်ကို သူက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှ စက်မှုမြို့တစ်မြို့ဖြစ်တဲ့ Avdiivka ကျဆုံးခဲ့ခြင်းဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ထူးခြားသော အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

ယခုအခါ နေရာအများစု ထိခိုက်ပျက်စီးနေခဲ့ပြီဖြစ်တဲ့ Avdiivka ဟာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်လာမှုကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့ ယူကရိန်းရဲ့ ခုခံမှု သင်္ကေတတစ်ခုဖြစ်ခဲ့ပါတယ်။

Ref: ဆောက်ချိုင်းနား မောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here