ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လုပ်ကိုင်နေသူများ လုပ်ငန်းလိုင်စင်မရှိပါက သတ်မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထားရန်အသိပေး

0
146

ပြည်တွင်းရှိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လုပ်ကိုင်နေသူများ လုပ်ငန်းလိုင်စင်မရှိပါက သတ်မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထားရန် အသိပေးထားပြီး လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောကြားခဲ့သည်။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးသည် ဖေဖော်ဝါရီ (၁၇) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့ရှိ မြို့နယ်ကုသရေး ဦးစီးဌာနမှူးများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတာဝန်ယူထားသည့် နယ်မြေအတွင်း လိုင်စင်မရှိဘဲ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း မရှိစေရန် မြေပြင်အခြေအနေအား အခြေခံကျန်းမာရေးဝန်ထမ်းများ အင်အားဖြင့် သတင်းအချက်အလက်များ ရယူဆောင်ရွက်ရန်၊ လုပ်ငန်းလိုင်စင်မရှိပါက သတ်မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထားစေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် အရည်အသွေးပြည့်ဝသော ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား မျှတသောစရိတ်ဖြင့် ဝန်ဆောင်မှုရရှိရေး အလေးထားဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများ စနစ်တကျ လုပ်ငန်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် အထူးအရေးကြီးကြောင်း၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူးများသည် သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးများဖြစ်သဖြင့် လုပ်ငန်းလိုင်စင်ခွင့်ပြုခြင်း၊ လိုင်စင်သက်တမ်းတိုးခွင့်ပြုခြင်း၊ လုပ်ငန်းများအား အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးခြင်း၊ သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများဖြင့် ဆောင်ရွက်နေခြင်း ရှိ၊ မရှိစိစစ်ခြင်း၊ လိုင်စင်စည်းကမ်းများ လိုက်နာဆောင်ရွက်နေမှု ရှိ၊ မရှိစိစစ်ခြင်းတို့ကို တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here