အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ တိုးတက်လာပြီး လူဦးရေသုံးသန်းခွဲကျော်ကို ဝန်ဆောင်မှုပေးနေ

0
168

(၁၃) နှစ်တာ ကာလအတွင်း အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ တိုးတက်လာပြီး လူဦးရေသုံးသန်းခွဲကျော်ကို ဝန်ဆောင်မှုပေးနေကြောင်း အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများအသင်း၏ နှစ်ပတ်လည်အသင်းဝင်များ ညီလာခံအစည်းအဝေးတွင် ၎င်းကအထက်အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍဖြစ်ပေါ် တိုးတက်မှုများကို ကြည့်ပါက ၂၀၁၁-၂၀၁၂ ခုနှစ်တွင် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း (၁၄၂) ဖွဲ့ ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၁၇၈) ဖွဲ့အထိ တိုးတက်လာခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ရပ်ကွက် (၂၂၄၅) ရပ်ကွက်နှင့် ကျေးရွာပေါင်း (၂၆ ၉၈၅) ရွာရှိ အသင်းဝင်ဦးရေ ၃ ဒသမ ၅ သန်းကျော် ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးကဆိုသည်။

ကဏ္ဍအလိုက် ငွေကြေးဝန်ဆောင်မှု အနေဖြင့် ထုတ်လုပ်မှုကဏ္ဍတွင် ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍတွင် ၁၄ ရာခိုင်နှုန်း၊ ကုန်သွယ်မှုကဏ္ဍတွင် ၃၈ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၃၅ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၆ ရာခိုင်နှုန်းနှင့် ပညာရေးကဏ္ဍတွင် ၁ ရာခိုင်နှုန်း ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ နိုင်ငံတစ်ဝန်းရှိ ဝင်ငွေနည်းပြည်သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေပြု MSME လုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေးဝန်ဆောင်မှုများ ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ဝန်ကြီးက ဆိုသည်။

ယခုကျင်းပသည့် မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးအသင်းညီလာခံတွင် လက်ရှိကြုံတွေ့ရသည့် အခက်အခဲများကို စုပေါင်းဆွေးနွေးအဖြေရှာခြင်း၊ အသိပညာဗဟုသုတနှင့် အတွေ့အကြုံများဖလှယ်ခြင်း၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့တိုးတက်ရေးနှင့် ဝင်ငွေနည်းပြည်သူများနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားရေးဘဝ ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဖော်ထုတ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here