ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျိုက်ပိရွှေသောင်ကွင်းကို ဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်

0
163

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း ၂၂၇၅ ဧကရှိသော ကျိုက်ပိရွှေသောင်ကွင်းကို ဒီရေတော ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ – ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၂၄)အရ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်မှ စတင်၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောသစ်မျိုးများနှင့် ဒီရေတော ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန် သဘာဝဒီရေတောများ ပျက်စီးပြုန်းတီးခြင်းမှ ကာကွယ်ရန်၊ သား၊ ငါး၊ ပုစွန်စသော ရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူ သုံးစွဲနိုင်ရန်၊ ရေပျော်ငှက်များ နေထိုင်ကျက်စားရန်နှင့် ပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော လှိုင်းဒဏ်လေ မုန်တိုင်းဒဏ်ခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန် ရည်ရွယ်၍ ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်း သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျိုက်ပိရွှေသောင်ကွင်းဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ဒေသအတွက် အကျိုးပြုသော ဒီရေတောများ ဖြစ်ထွန်းလာမည်ဖြစ်ခြင်း ပင်လယ်လှိုင်း၊ ဒီရေနှင့် လေမုန်တိုင်း စသည့် သဘာဝဘေးအန္တရာယ်များနှင့် ကမ်းပြိုတိုက်စားမှုလျော့နည်းလာပြီး လယ်ယာမြေများအတွင်း ဆားငန်ရေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ခြင်း၊ သား၊ ငါး၊ ပုစွန်စသည့် ရေနေသတ္တဝါများ ရှင်သန်ပေါက်ဖွားရာ အဏ္ဏဝါဂေဟစနစ်ပိုမိုကောင်းမွန်လာစေခြင်းနှင့် ဆောင်းခိုငှက်၊ ရေပျော်ငှက်များ နေထိုင်ကျက်စားလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here