ဝေလငါး တစ်ကောင် ပင်လယ်ထဲ သေဆုံးကာ ဂျိုင်လယ်ကမ်းခြေသို့ သောင်တင်ရောက်ရှိလာ၊ ဒေသခံများက မြေမြုပ်လိုက်ရ

0
142

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မကျီးဇင်အုပ်စု ဂျိုင်လယ် ပင်လယ်ကမ်းခြေ၌ ဖေဖော်ဝါရီ (၁၈) ရက်က အလျား (၄၅) ပေကျော်ရှိ ဝေလငါးတစ်ကောင် သေဆုံးကာ မြစ်ကမ်းပါးသို့ သောင်တင်ရောက်ရှိလာကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။

“ဟုတ်တယ်ဗျ။ ပင်လယ်ထဲကနေ မျောပါသေဆုံးပြီး ကမ်းတင်လာတယ်လို့ သိရတယ်။ ကျွန်တော်တို့နဲ့က နည်းနည်းလှမ်းတော့ သေချာ အသေးစိတ် မသိရဘူး။ အဲ့က ဒေသခံ အသိတွေ ပြောတာပဲ သိရတာပါ။ အရင်ကလည်း အဲ့လိုဖြစ်စဉ်တွေရှိခဲ့ဖူးပါတယ်။ နေရာဒေသတော့ မတူဘူးပေါ့။”ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

၎င်းဝေလငါး အရွယ်အစားမှာ အလျား (၄၅) ပေ၊ ၆ လက်မ၊ လုံးပတ် (၂၁) ပေရှိပြီး ဖေဖော်ဝါရီ (၁၇) ရက် ညနေပိုင်းက ပင်လယ်ထဲ သေဆုံးနေပြီး ဖေဖော်ဝါရီ (၁၈)ရက် နံနက်တွင် ဂျိုင်လယ်ကမ်းခြေသို့ သောင်တင်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။  

အပုပ်နံ့ထွက်နေသောကြောင့် ဒေသခံများနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ဖေဖော်ဝါရီ (၁၉) ရက်တွင် ဘတ်ဖိုးဖြင့် ဆယ်ယူ၍ မြေမြှုပ်လိုက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here