ကိုယ့်ကိုကိုယ် ပြန်ကြော်ငြာပြီး သတို့သမီးလောင်းရှာတဲ့ သုံးဘီးသမား 

0
300

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတောင်ဘက် ကီလိုမီတာ ၈၀၀ အကွာရှိ မာဒ္ဒရာပရာဒေ့ရှ်ပြည်နယ်မှ အိမ်ထောင်ပြုဖို့ ဆန္ဒပြင်းပြနေရှာတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ လျှပ်စစ်သုံးဘီးဆိုင်ကယ်ဘေးမှာ ကိုယ်ရေးအချက်အလက်တွေဖော်ပြထားတဲ့ ဆိုင်းဘုတ်တစ်ခုနဲ့ ကိုယ့်ကိုကိုယ် ကြော်ငြာရင်း သတို့သမီးလောင်းရှာပုံတော်ဖွင့်နေတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက် India Today သတင်းက ဖော်ပြပါတယ်။ 

ဒါမို့မြို့သားတစ်ဦးဖြစ်တဲ့ မစ္စတာ ဒီးပန်ဒြာရာသိုးက သူတို့မြို့အသိုင်းအဝိုင်းမှာ အမျိုးသမီးရှားပါးနေတယ်လို့ သူယူဆတာကြောင့် သူ့အတွက် သင့်တော်တဲ့ လက်တွဲဖော်ရှာမတွေ့နိုင်ဖြစ်နေတယ်လို့ India Today ကို ပြောဆိုခဲ့ပါတယ်။ အရင်က တစ်ကိုယ်ရေသမားတွေအတွက် အိမ်ထောင်ဖက်ရှာပေးတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ သူချိတ်ဆက်ခဲ့ဖူးပေမယ့် ဇာတိမြို့မှာ သင့်တော်တဲ့ အမျိုးသမီးမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေကြောင့်ပဲ သူ့သုံးဘီးပေါ်မှာ ကိုယ့်ကိုကိုယ် ပြန်ကြော်ငြာကာ ခပ်ဆန်းဆန်း သတို့သမီး ရှာပုံတော်ဖွင့်မှုကို သူ လုပ်ခဲ့ရပါတော့တယ်။

သူ့ရဲ့ ကြော်ငြာဆိုင်းဘုတ်ပေါ်မှာတော့ ဟိန္ဒူဘာသာစကားနဲ့ အများစု သုံးနှုန်းရေးသားထားပြီး သူ့ရဲ့ အရပ်၊ မွေးနေ့သက္ကရာဇ်၊ သွေးအမျိုးအစား၊ ပညာအရည်အချင်းနဲ့ မျိုးရိုးတို့ကို ဖော်ပြထားခဲ့ပါတယ်။ 

သူ့အနေနဲ့ ဘယ် လူတန်းစား အမျိုးဇာတ်မဆိုနဲ့ ဘယ်ဘာသာဝင်မဆိုက အမျိုးသမီးတွေ လက်ထပ်ခွင့်တောင်းနိုင်ဖို့ တံခါးဖွင့်ထားတယ်လို့ မစ္စတာ ဒီးပန်ဒြာက အလေးပေးပြောဆိုပြီး ဒါမို့မြို့ပြင်ပက အမျိုးသမီးတွေဆိုလည်းပဲ သူ စဉ်းစားပေးဖို့ ဆန္ဒရှိပါတယ်လို့ ဆိုခဲ့ပါတယ်။ 

ထုံးတမ်းစဉ်လာကို ထိန်းသိမ်းလိုက်နာကြပြီး ပုံမှန်အားဖြင့် တူညီတဲ့နောက်ခံရှိသော လက်တွဲဖော်မျိုးကိုသာ ရှာဖွေလေ့ရှိကြတဲ့ သူ့ဒေသက လူတွေအတွက်တော့ သူက လူထူးလူဆန်းလို ဖြစ်နေခဲ့ပါတယ်။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်တွေကို ပေါ်ပေါ်ထင်ထင် သိစေတာမျိုးက ရှားပါးတာကြောင့် မစ္စတာ ဒီးပန်ဒြာရဲ့ တမူထူးခြားတဲ့ ဘဝလက်တွဲဖော်ရှာဖွေနည်းဟာ လူတွေရဲ့ အာရုံစိုက်မှု ရခဲ့ပါတယ်။ 

ဘာသာတရားလိုက်စားသူတွေဖြစ်တဲ့ သူ့မိဘတွေက သားဖြစ်သူရဲ့ သတို့သမီးရှာပုံ ရှာနည်းအပေါ် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ သူ့မိသားစုက သူသုံးဘီးဆွဲလို့ရတဲ့ ဝင်ငွေအပေါ် မှီခိုကြရတာဖြစ်ပြီး သူ့အနာဂတ် အိမ်ထောင်ဖက်အနေနဲ့လည်း စိတ်ချမ်းသာပျော်ရွှင်ရဖို့ အာမခံနိုင်တယ်လို့ သူက ဆိုခဲ့ပါတယ်။

“မိဘတွေက ဘုရားဝတ်ပြုရေးကိစ္စတွေနဲ့ အလုပ်များနေကြတာမို့ ကျွန်တော်အတွက် မိန်းမရှာပေးဖို့ အချိန်မရကြပါဘူး။ ဒီတော့ ကိုယ်တိုင်ပဲ ရှာရတော့တာပေါ့ဗျာ” လို့ သူက India Today ကို ပြောပါတယ်။

 Ref: The Straits Time


LEAVE A REPLY

Please enter your comment!
Please enter your name here