မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ် ချုပ်စာရင်းပိတ်​ဆွေး​နွေးပွဲတွင် ​ချေး​ငွေ၊ပင်စင်၊​ငွေ​ပေး​ချေမှုစနစ်တို့ ဆွေး​နွေး

0
148

မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁၉) ရက် နံနက် (၈)နာရီက နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေး ဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တစ်နှစ်တာကာလအတွင်း လက်ရှိဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပကတိ အခြေအနေများအပေါ် အခြေခံ၍ မှန်မှန်ကန်ကန်သုံးသပ်ပြီးလာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ရန်ရည်မှန်းထားသည့် ဦးတည်ချက်များပြည့်မီ အောင်မြင်ရေးအတွက် ဘဏ်ဝန်ထမ်းများအားလုံးက လက်တွဲညီညီပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့အပြင် နိုင်ငံ့စီးပွားတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံတော်က MSME လုပ်ငန်းရှင်များအား အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းကုန်ထုတ် လုပ်မှုတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် MSME ရန်ပုံငွေမှ လုပ်ငန်းရှင်များ သို့ သက်သာသောအတိုး နှုန်းဖြင့် အရည်အသွေးပြည့်မီသော ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်မှုတွင် ရူပီး/ကျပ်တိုက်ရိုက်ငွေပေးချေမှုစနစ် အသုံးပြုဆောင်ရွက်နိုင်ရေးကို ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ Centralized e- Pension စနစ်ကို ယခုဘဏ္ဍာရေးနှစ်တွင် ဘဏ်ခွဲပေါင်း (၆၇) ဘဏ်၌ အသုံးပြုလာနိုင်ပြီဖြစ်၍ အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို Centralized e- Pension စနစ်ဆောင်ရွက်နေသည့်ဘဏ်ခွဲများတွင် ဝန်ဆောင်ခအခမဲ့ဖြင့် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်သည့် အတွက်မြန်မာ့ စီးပွားရေးဘဏ်၏ ကြိုးစားအားထုတ်မှုနှင့် ဝန်ထမ်းများက စေတနာထား ဆောင်ရွက်ပေးနေမှုများကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသွားသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာများ၊ တိုင်းဒေသကြီး/ပြည်နယ် မန်နေဂျာများနှင့် ခရိုင်မန်နေဂျာများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here