ပဲခူးမြစ်ကူးတံတား သန်လျင်တံတား အမှတ် (၃) တွင် တံတားဖြတ်သန်းခ ကောက်ခံမည်

0
207

ပဲခူးမြစ်ကူးတံတား သန်လျင်တံတား အမှတ်(၃)အားဖြတ်သန်းအသုံးပြုမည့် ယာဉ်များမှ တံတားဖြတ်သန်းခ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ပဲခူးမြစ်ကူးတံတား သန်လျင်တံတား အမှတ်(၃)တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်ကြည့်ရှုစဉ် Road Curb၊ Electrical နှင့် Water Supply စနစ်များ ဆောင်ရွက်နေမှု၊ ချဉ်းကပ်တံတားများတွင် AC ကတ္တရာခင်းခြင်းနှင့် မြေကာနံရံများတွင် မြက်စိုက်ခြင်း ဆောင်ရွက်ပြီးစီးမှု၊ လမ်းဆုံနေရာတွင် ယာဉ်ကြီး/ယာဉ်ငယ်များ လွတ်လပ်စွာသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုနှင့် သာကေတဘက်ခြမ်း၌ Toll Plaza တည်ဆောက်နေသည့် အခြေအနေများကို တံတား‌တည်ဆောက်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် စီမံကိန်းလုပ်ငန်းစဉ်များအလိုက် လျာထားချက်များအတိုင်း ပြီးစီးရေး၊ ဒီဇိုင်းသတ်မှတ်ရေးဆွဲထားသည့်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ စီမံကိန်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် မေလကုန် အပြီးသတ်နိုင်အောင် တွန်းအားပေးဆောင်ရွက်ရေးတို့ကို ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ်(၃)ကို ၂၀၁၉ ခုနှစ် မေလတွင် စတင်တည်ဆောက်ခဲ့ပြီး သာကေတဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည် ၆၀၂ မီတာ (၁၉၇၅ ပေ)၊ သန်လျင်ဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည် ၈၀၇ မီတာ (၂၆၄၇ ပေ)၊ ပင်မတံတားအရှည် ၁၂၂၄ မီတာ (၄၀၁၆ ပေ) စုစုပေါင်း၂၆၃၃ မီတာ (၈၆၃၈ ပေ) ရှည်လျားပြီး လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားကြီး ဖြစ်သည်။

အဆိုပါ တံတား၏ရေလမ်းကင်းလွတ် အမြင့် ၁၃ ဒသမ ၂၅ မီတာ (၄၃ ပေ) ရှိပြီး အကျယ်မှာ ၂၂၄ မီတာ (၇၃၅ ပေ) ရှိသဖြင့် ရေယာဉ်များ လွတ်လပ်စွာဝင်/ထွက်သွားလာနိုင်မည်ဖြစ်သည်။

ယင်းတံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်မှသန်လျင်နှင့်သီလဝါအထူး စီးပွားရေးဇုန်များသို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး ကုန်စည်စီးဆင်းမှုများ သွက်လက်မြန်ဆန် လာကာယခုလက်ရှိ တံတားအဟောင်း၏ ယာဉ်ကြောပိတ်ဆို့မှုများကို အတိုင်းအတာ တစ်ခုအထိ လျော့နည်းသက်သာလာစေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Toll Plaza တွင် ယာဉ်ဖြတ်သန်းခကောက်ခံသည့် စနစ်ကို ငွေသားပေးချေမှုအပြင် ယာဉ်သွားလာမှု သွက်လက် လွယ်ကူစေ‌ရေး နိုင်ငံတကာကဲ့သို့ ETC နှင့် Mobile Pay တို့ဖြင့် ပေးချေသည့် စနစ်ကို စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here