နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာ အသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် နစက ဥက္ကဋ္ဌတို့ဆွေးနွေး

0
255

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၂၀) ရက် မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံစဉ်ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာ အသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိမှု အခြေအနေများ၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် လိုအပ်သည့်ဓာတ်မြေဩဇာများလုံ လောက်စွာရရှိရေးနှင့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here