အာကာသမှာ နျူလက်နက်ချထားဖို့ ရည်ရွယ်ချက်မရှိဟု ပူတင် ပြော

0
158

မော်စကိုအနေနဲ့ အာကာသမှာ နျူကလီးယားလက်နက်တွေ့ဖြန့်ကျက်ချထားဖို့ ရည်ရွယ်ချက်မရှိကြောင်းနဲ့ အမေရိကန်နဲ့အလားတူ အာကာသစွမ်းရည်မျိုးကိုသာ စီမံလုပ်ဆောင်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က ကြေညာခဲ့ပါတယ်။

တရားဝင် အသုံးမပြုသေးတဲ့ လက်နက်စနစ်တစ်ခုဖြစ်သော ဂြိုဟ်တုဖျက်လက်နက်ကို ရုရှားတို့ရရှိထားတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် အင်္ဂါနေ့မှာ ပူတင်ရဲ့ ထုတ်ပြန်ချက်ထွက်လာတာပါ။

ယင်းလက်နက်စနစ်ဟာ နိုင်ငံတကာ အာကာဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်မှာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောဆိုခဲ့ပေမယ့် လက်နက်ဟာ နျူထိပ်ဖူးတပ်ဆင်နိုင်စွမ်း ရှိ မရှိကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

အာကာသဆိုင်ရာ သဘောတူစာချုပ်ကို ရုရှား အပါအဝင် နိုင်ငံပေါင်း ၁၃၀ ကျော်က လက်မှတ်ရေးထိုးထားတာဖြစ်ပြီး ကမ္ဘာပတ်လမ်းအတွင်း နျူလက်နက်တွေ(သို့) ဖျက်အားပြင်း အခြားလက်နက်အမျိုးအစားတွေ ဖြန့်ကျက်ခြင်းနဲ့ အခြားတစ်နည်းနည်းဖြင့် အာကာသအတွင်း လက်နက်တွေ ချထားခြင်းကို တားမြစ်ထားကြောင်း သိရပါတယ်။

ဒီ စိုးရိမ်ပူပန်ရမှုတွေနဲ့ ပတ်သက်ပြီး ရုရှားနဲ့ တိုက်ရိုက် ထိတွေ့ဆက်သွယ်ဖို့ လုပ်ဆောင်သွားမယ်လို့ အိမ်ဖြူတော်က ပြောဆိုထားခဲ့ပါတယ်။

မိမိတို့ရဲ့ ရပ်တည်ချက်က ရှင်းလင်းပြတ်သားပြီး ပွင့်လင်းမြင်သာမှုရှိကြောင်း၊ အာကာသအတွင်း နျူကလီးယားလက်နက် ဖြန့်ကျက်ချထားမှုနဲ့ ပတ်သက်ပြီး မိမိတို့ အမြဲတမ်း ပြတ်ပြတ်သားသား ဆန့်ကျင်လျက်ရှိနေကြောင်း ပူတင်က ပြောဆိုပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် ဒီနယ်ပယ်မှာရှိတဲ့ သဘောတူညီချက်အားလုံးကို လိုက်နာကြဖို့ လူတိုင်းကို မိမိတို့ တိုက်တွန်းကြောင်းလည်း ပူတင်က ပြောဆိုသွားပါတယ်။

စွပ်စွဲမှုတွေဟာ အနောက်တိုင်းရဲ့ ကက်ကက်လန်အော်ဟစ်မှု အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

ရုရှားအနေနဲ့ အာကာသနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေအားကောင်းစေရေး အကြိမ်ကြိမ် အကြံပြုပြောဆိုမှုတွေလုပ်ခဲ့ပေမယ့် အကြောင်းပြချက် အချို့ကြောင့် အနောက်နိုင်ငံတွေမှာ ယင်း အကြောင်းအရာ ထပ်မံထွက်ပေါ်လာခြင်းမရှိတော့ဘူးလို့လည်း ပူတင်က ပြောဆိုခဲ့ပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here