ဖိလစ်ပိုင်နှင့်အမေရိကတို့ ပူးတွဲလေကြောင်းကင်းလှည့်

0
162

ပေကျင်း/မနီလာ၊ဖေဖော်ဝါရီ ၂၀

အမေရိကနှင့်ဖိလစ်ပိုင်တို့၏ ပူးတွဲလေကြောင်းကင်းလှည့်မှုသည် တောင်တရုတ်ပင်လယ်ရှိပိုင်နက် နယ်မြေနှင့် နိုင်ငံ့ အကျိုးစီးပွားကို ကာကွယ်ရန်အတွက်သာရည်ရွယ်ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်အရာရှိတစ်ဦးကပြောကြားခဲ့သော်လည်း ပေကျင်းကမူပြဿနာတက်ရန်လှုံ့ဆော်ခြင်းမျိုးဖြစ်သည်ဟုစွပ်စွဲခဲ့သည်။

အမေရိကနှင့်ဖိလစ်ပိုင်တို့၏ ရေတပ်ပူးတွဲ‌လေ့ကျင့်မှုပြီးဆုံးပြီး တစ်ပတ်ကျော်ကျော်အချိန်၌ပင် ယခုကဲ့သို့ ပူးတွဲလေကြောင်းကင်းလှည့်ခဲ့ခြင်းဖြစ်ပြီး ယခုလေ့ကျင့်မှုတွင် ဖိလစ်ပိုင်တိုက်လေယာဉ်များနှင့် အမေရိကန်ဗုံးကျဲလေယာဉ်တစ်စီးပါဝင်သည်ဟုသိရသည်။

ထို့ကြောင့် တရုတ်စစ်တပ်က ဖိလစ်ပိုင်အား ပိုင်နက်နယ်မြေပြင်ပနိုင်ငံများနှင့် ပူးတွဲလေကြောင်းကင်းလှည့်ခြင်းဖြင့် ပြဿနာတက်အောင်လုပ်‌နေသည်ဟု စွပ်စွဲခဲ့သည်။

တရုတ်သည် ဖိလစ်ပိုင်၊ဗီယက်နမ်၊အင်ဒိုနီးရှား၊မလေးရှားနှင့် ဘရူနိုင်းတို့၏ သီးသန့်စီးပွားရေးဇုန်များအပါအဝင် နှစ်စဉ်အမေရိကန်ဒေါ်လာ ၃ ထရီလျံကျော်ရရှိနေသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းအချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုခဲ့သည်။

ဖိလစ်ပိုင်နှင့်တရုတ်ကြားဆက်ဆံရေးသည် အမေရိကနှင့်နှစ်ရှည်ဆက်ဆံ‌ရေးရှိသည့် လက်ရှိသမ္မတဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်တွင် ပိုမိုယိုယွင်းလာခဲ့သည်။

ဝါရှင်တန်နှင့်တွဲဖက်လုပ်ဆောင်သည့် ကာကွယ်ရေးလေ့ကျင့်မှုမှန်သမျှအား ရန်စမှုအဖြစ်ယူဆထားသည့် ပေကျင်းကြောင့် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးလက်ထက်တွင် စစ်ရေးလေ့ကျင့်မှုမှန်သမျှအားရပ်နားထားခဲ့ခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here