တိုက်ခိုက်ရေးရဟတ်ယာဉ်ဗားရှင်းသစ် တရုတ် ထုတ်ဖော်ပြသ

0
212

တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ပြည်ပသို့တင်ပို့ခွင့်ပြုလက်မှတ်ရ တိုက်ခိုက်ရေးရဟတ်ယာဉ် ပြည်ပပို့ကုန်ဗားရှင်းကို စင်ကာပူလေကြောင်းပြပွဲ(Singapore Airshow)၌ ယခုသီတင်းပတ်အတွင်း ထုတ်ဖော်ပြသခဲ့သည်။

တရုတ်နိုင်ငံသည် ယခင်နှစ်များကပင်လျှင် အဆိုပါ လေကြောင်းပြပွဲတွင် ၂နှစ်တိုင်တိုင် ပါဝင်ခဲ့ဖူးသော်လည်း ယခုနှစ်တွင်မူ တရုတ်အစိုးရပိုင်ကုမ္ပဏီများမှထုတ်လုပ်သည့် စစ်လေယာဉ်များကို နိုင်ငံပြင်ပတွင် ပြုလုပ်သည့် လေကြောင်းပြပွဲတစ်ခုတွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသလာခြင်းဖြစ်သည်။

ယခုနှစ် Singapore Airshow တွင် ကုမ္ပဏီသည် Changhe Z-10ME-02 အမျိုးအစား ပြည်ပသို့တင်ပို့ခွင့်ရရှိသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို ဒုံးပစ်လောင်ချာများ၊ GR5 ပဲ့ထိန်းဒုံးပျံများနှင့် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များဖြစ်ကြသည့် CM-502KG နှင့် TY-90 တို့နှင့်အတူ ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်ရေးရဟတ်ယာဉ်ကို Changhe Aircraft Industries မှထုတ်လုပ်ခဲ့ပြီး နိုင်ငံပိုင် China National Aero-Technology Import & Export Corp. နှင့် China Aviation Industry Corporation of China တို့မှ စင်ကာပူ လေကြောင်းပြပွဲတွင် ပြသလာခြင်းဖြစ်သည်။

ရဟတ်ယာဉ်သည် ၂၃ မီလီမီတာ ခဲယမ်းမီးကျောက်များနှင့် ၂၈၀ ကီလိုဂရမ် အလေးချိန်ရှိသော အခြားလက်နက်ခဲယမ်းများကို သယ်ဆောင်နိုင်သည်။ ရေဒါ၊ ဒုံးကျည်ချဉ်းကပ်သတိပေးစနစ်နှင့် အပူလှိုင်းကို ရှာဖွေခြေရာခံတိုက်ခိုက်သည့်(IR) ဒုံးခွင်းဒုံးများကို ဖျက်ဆီးမည့် အနီအောက်ရောင်ခြည် တန်ပြန်မှုစနစ်များ တပ်ဆင်ထားကြောင်း လေကြောင်းပြပွဲမှ ထုတ်ဝေသည့် မဂ္ဂဇင်းအရ သိရသည်။

ပြည်ပနိုင်ငံများမှ မှာယူထားသည့် ရဟတ်ယာဉ် အရေအတွက်နှင့် စျေးနှုန်းကို တရုတ်နိုင်ငံတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပါကစ္စတန်စစ်တပ်သည် ယမန်နှစ်ကတည်းကပင်လျှင် Z-10ME ရဟတ်ယာဉ် ကနဦးအသုတ်များကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here