ဂါဇာ အပစ်ရပ်ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမေရိကန် ထပ်မံ ဗီတိုသုံး ပယ်ချ

0
134

အစ္စရေး-ဟားမတ်စစ်ပွဲဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို အင်္ဂါနေ့မှာ အမေရိကန်က ထပ်မံ ဗီတိုသုံး ပယ်ချလိုက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ ချက်ချင်း အပစ်ရပ်စဲရေး တောင်းဆိုချက်ကို တားဆီးခဲ့ပါတယ်။

ယင်းအစား ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓ-ါးစာခံတွေ လွှတ်ပေးရေး ပါဝင်တဲ့ ယာယီအပစ်ရပ်ရေးအစီအစဉ် တောင်းဆိုဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကောင်စီကို အမေရိကန်က တွန်းအားပေးခဲ့ပါတယ်။

အယ်ဂျီးရီယားနိုင်ငံက အဆိုပြုခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ပြီး ဗြိတိန်က ကြားနေခဲ့တာဖြစ်ပါတယ်။ ဒါဟာ အောက်တိုဘာ ၇ ရက်ကနေ လက်ရှိတိုက်ပွဲတွေ စတင်ဖြစ်နေချိန်အထိ ဂါဇာအရေးမှာ အမေရိကန်က သုံးကြိမ်မြောက် ဗီတိုသုံးခဲ့တာလည်းဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံတာဟာ ပါလက်စတိုင်းတွေရဲ့ အသက်ရှင်သန်ခွင့်ကို ထောက်ခံတာဖြစ်ပြီး အပြန်အလှန်အားဖြင့် ဒီအပေါ် ကန့်ကွက်မဲပေးခြင်းဟာ ၎င်းတို့အပေါ် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုနဲ့ စုပေါင်းပြစ်ဒဏ်ပေးမှုကို ထောက်ခံလိုက်တာလို့ ဆိုရမှာဖြစ်ကြောင်း ကုလဆိုင်ရာ အယ်ဂျီးရီးယားသံအမတ် အမ်မာ ဘန့်ဂျာမာက မဲပေးမှုမတိုင်မီမှာ ပြောဆိုခဲ့ပါတယ်။

ဟားမတ်စ် လက်တွင်းရောက် ဓ-ါးစာခံတွေ လွတ်မြောက်ရေးနဲ့ စစ်ပွဲရပ်ရေးအတွက် ကြားဝင်ဆောင်ရွက်နေတဲ့ အမေရိကန်၊ အီဂျစ်၊ အစ္စရေးနဲ့ ကာတာနိုင်ငံတို့အကြား ဆွေးနွေးမှုတွေအပေါ် ထိခိုက်လာနိုင်တာကြောင့် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဗီတိုသုံးသွားနိုင်တယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က အရိပ်အမြွက်ပြောထားခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့က ဓ-ါးစာခံတွေ လွှတ်ပေးရမယ့် သဘောတူညီချက် မပါဝင်သော ချွင်းချက်မရှိ ချက်ချင်း အပစ်ရပ်ရေး တောင်းဆိုမှုဟာ ရေရှည်ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေမှာ မဟုတ်ဘဲ ဟားမတ်စ်နဲ့ အစ္စရေးအကြား တိုက်ပွဲတွေသာ ပိုတိုးဖြစ်လာစေနိုင်တယ်လို့ မစ္စ သောမတ်စ် ဂရင်းဖီးလ်က မဲပေးမှု မတိုင်မီ ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here