မြိတ်မြို့ သီတဂူ ဇီဝိတစက္ခုဒါနဆေးရုံ အခမဲ့ဆေးကုသခန်း၌ သံဃာတော်နှင့် သီလရှင်များ၏ မျက်စိရောဂါဝေဒနာများကို ဖေဖော်ဝါရီ(၂၃)ရက်မှ စတင်၍ အခမဲ့ ကုသပေးမည်

0
149

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ တပ်ပြင်ရပ်၊ စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတ စက္ခုဒါန ဆေးရုံ ဆေးကုသခန်းတွင် သံဃာတော်နှင့် သီလရှင်များ၏ ကျန်းမာရေး အခမဲ့စမ်းသပ်ကုသပေးနေသည့်အပြင် ဖေဖော်ဝါရီ(၂၃)ရက်မှ စတင်၍ မျက်စိရောဂါ ဝေဒနာများကိုပါ အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သီတဂူဇီဝိတ စက္ခုဒါနဆေးရုံတွင် ၂၀၂၃ ခုနှစ် ဇွန်လမှစတင်၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ သံဃာတော်နှင့် သီလရှင်များကို အခမဲ့ကျန်းမာရေးစစ်ဆေး ကုသပေးလျက်ရှိရာ လက်ရှိအချိန်အထိ သံဃာတော် (၁၃၂)ပါး၊ သာမဏေ (၁၇၉) ပါး၊ သီလရှင် (၂၃) ပါးနှင့်ကျောင်းသား(၂၄)ဦး စုစုပေါင်း(၃၅၈)ပါးကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစစ်ဆေးကုသ စောင့်ရှောက်ပေးနိုင်ခဲ့သည့်အပြင် သံဃာတော်နှင့် သီလရှင်များ၏ မျက်စိရောဂါ ဝေဒနာများကိုပါ မျက်စိရောဂါ စမ်းသပ်စက်များဖြင့် ဖေဖော်ဝါရီ(၂၃)ရက်မှ စတင်၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ နံနက်(၉)နာရီမှ(၁၁)နာရီအထိ အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးသွားမည် ဖြစ်သည်။

မြိတ်ခရိုင်အတွင်းရှိ သံဃာတော်နှင့် သီလရှင်များအား အခမဲ့ ဆေးကုသပေးခြင်းကို မြိတ်မြို့ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံ ဩဝါဒစရိယဆရာတော်များ၏ လမ်းညွှန်မှု၊ ဆေးရုံစီမံစောင့်ရှောက်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်ကြီးများက ပုံမှန်အတိုင်း ကျန်းမာရေးစမ်းသပ် စစ်ဆေးကုသပေးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ သံဃာတော်နှင့် သီလရှင်များ မျက်စိရောဂါ ဝေဒနာများကို အခမဲ့ စမ်းသပ်ကုသပေးသွားမည့်အပြင် ပြည်သူများ၏ မျက်စိရောဂါဝေဒနာများကိုပါ စရိတ်မျှပေး အစီအစဉ်ဖြင့် စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here