ပြည်သူ့စစ်မှုထမ်းစနစ်တွင် အမျိုးသမီးများ စစ်မှုထမ်းရဦးမည် မဟုတ်ဟု နစက ပြောခွင့်ရသူပြော

0
293

လတ်တလော အကောင်အထည်ဖော်ရန် ကြိုးစားနေသည့် ပြည်သူ့ စစ်မှုထမ်း ဥပဒေအရ အကျုံးဝင်သည့် အမျိုးသမီး ဦးရေ ၇.၇ သန်းခန့် ရှိသော်လည်း လတ်တလောတွင် အမျိုးသမီးများကို စစ်မှုထမ်းရန် ခေါ်ယူဦးမည် မဟုတ်ကြောင်း နစက ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြည်သူ့ စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် ကောလာဟလသတင်းများနှင့်ပတ်သက်၍ ပြည်သူလူထုအား ပြောကြားသည့် ရှင်းလင်းချက်တွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော့အနေနဲ့ ဒီနေ့မှာရှင်းလင်းပြောကြား လိုတာကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းစွာပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယင်း ဥပဒေအရ အကျုံးဝင်သည့် အမျိုးသား ဦးရေ ၆.၃ သန်း ရှိပြီး ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ အကျုံးဝင်သူ စုစုပေါင်းဦးရေမှာ ၁၃ သန်းကျော် ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အကျုံးဝင် အမျိုးသားအရေအတွက်၏ ၁ ရာခိုင်နှုန်း ဖြစ်သည့် အမျိုးသား ၆၀၀၀၀ ကျော်ကိုသာ စစ်မှုထမ်းစေမည်ဖြစ်ပြီး ယင်းအရေအတွက်ကိုလည်း အလှည့်ကျပုံစံဖြင့် အပတ်စဉ်များခွဲ၍ ခေါ်ယူခန့်ထားသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“၆၀၀၀၀ နီးပါးလောက်ပဲ ကျွန်တော်တို့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါတွေကလည်း အလှည့်ကျထမ်းဆောင်တဲ့နေရာမှာတာဝန် ထမ်းဆောင်ရတာမျိုးဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ၊ ဝေဖန်ပြစ်တင်မှုများ ပြင်းထန်နေသည့်အပြင် ကောလာဟာလသတင်းမျိုးစုံလည်း ထွက်ပေါ်လျက်ရှိသည်။

နယက အစိုးရ လက်ထက် ၂၀၁၀ ခုနှစ်က ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အရပ်သား အစိုးရ (၂) ဆက်တိုင် အကောင်အထည်ဖော် အသက်သွင်းခြင်း မရှိခဲ့ဘဲ စစ်ရေးအရ ဖိအားပေးခြင်း ခံနေရသည့်ယခုအချိန်တွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုကြောင့် လူငယ်အများစု ပြည်ပထွက်ခွါရန် ပြင်ဆင်မှုများ ရှိလာကြသည်။

ယင်းဥပဒေအကောင်အထည်ဖော်ဖို့ နိဒါန်းပျိုးစဉ်မှာပင် လူသားရင်းမြစ်ရှားပါးနိုင်ချေပိုရှိလာခြင်း၊ပြည်ပအထွက်များခြင်းကြောင့်နိုင်ငံခြားငွေစီးထွက်မူများခြင်းတို့ ဖြစ်လာသည်။

“ထိုင်းက တစ်ရက် ဗီဇာ အယောက် ၄၀၀ ပေးနေတာ ဆိုတော့ တစ်ဦးကို ပြည်ပထွက်ဖို့ အစစ အရာရာ ကုန်ကျငွေနဲ့လက်ထဲပါသွားမယ့် ငွေစအနည်းငယ်ပါရင်တောင် နေ့စဉ်ဒေါ်လာ ၁သန်းလောက် စီးထွက်နေမှာ ဖြစ်ပါတယ်၊ဒါတောင် ဗီဇာမလိုတဲ့ ၁၄ရက် ထွက်နေသူတွေမပါသေးဘူး “ဟု လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

ယင်း ဥပဒေကို လာမည့် ဧပြီလအတွင်း စတင်အကောင်အထည်ဖော်မည်ဟု နစကဘက်က ထုတ်ဖော်ပြောဆိုထားပြီး နည်းဥပဒေ နှင့် အမိန့်ထုတ်ပြန်ချက်များ ထွက်လာခြင်း မရှိသေးသည့်အပြင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအရ အချိန်ကြာမြင့်မှုရှိနိုင်သည့်တွက် ပထမဆုံး အပတ်စဉ်ကို ၂၀၂ ၄ ခုနှစ် နှစ်ကုန်ပိုင်းမှသာ စတင်နိုင်မည့်အခြေအနေရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here