သတင်းအကြောင်းအရာတွေအတွက် အခကြေးပေးဆောင်ရမယ်ဆိုတဲ့ အင်ဒိုသမ္မတရဲ့ ညွှန်ကြားချက်ကို လိုက်နာရန်မရှိဟု Meta ပြောဆို

0
143

အင်ဒိုနီးရှားနိုင်ငံတွင်းမှာ အသုံးပြုနေကြတဲ့ ဖေ့စ်ဘုတ်၊ X အစရှိတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းကုမ္ပဏီတွေအနေနဲ့ သူတို့ဆီမှာဖော်ပြလိုက်တဲ့ အကြောင်းအရာတွေအတွက် မူရင်းအကြောင်းအရာကို ပိုင်ဆိုင်တဲ့ မီဒီယာအသီးသီးထံ အခကြေးငွေ ပေးဆောင်ရမယ်လို အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက အမိန့်ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် မိမိတို့ကုမ္ပဏီအနေနဲ့ကတော့ အဲဒီအမိန့်ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ရဖို့ တာဝန်မရှိကြောင်း ဖေ့စ်ဘုတ်ရဲ့ မိခင်ကုမ္ပဏီ Meta က ဖေဖော်ဝါရီ ၂၁ ရက်မှာ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

စည်းမျဉ်းသစ်ထုတ်လိုက်သော်ငြားလည်း ကုမ္ပဏီအနေနဲ့ ထုတ်ဝေသူတွေက သူတို့ဆန္ဒအလျောက် တင်တဲ့ သတင်းအကြောင်းအရာတွေအတွက် ပေးဆောင်ရန် တာဝန်မရှိဘူးလို့ Meta ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ပြည်သူ့မူဝါဒရေးရာ ဒါရိုက်တာ မစ္စတာ ရာဖေးလ် ဖရန်ကယ်လ်က ပြောဆိုပါတယ်။

မူဝါဒ ချမှတ်သူတွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးပြောဆိုမှုတွေ လုပ်ခဲ့ပြီးနောက် သတင်းထုတ်ဝေသူတွေရဲ့ ဆန္ဒအလျောက် မိမိတို့ ပလက်ဖောင်းပေါ်တင်တဲ့ သတင်းအကြောင်းအရာတွေအတွက် Meta က အခပေးဆောင်ရန် တာဝန်မရှိဘူးလို့ မိမိတို့ နားလည်ယူဆကြောင်း မစ္စတာ ဖရန်ကယ်လ်က စီအန်အန်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မိမိတို့ ပလက်ဖောက်းတွေကို အသုံးပြုသူတွေဟာ သတင်းအကြောင်းအရာကို ရှာဖွေဖို့ရာ သုံးစွဲကြခြင်းမဟုတ်ဘူးလို့ Meta က ဆိုခဲ့ပြီး သတင်းထုတ်ဝေသူများက ၎င်းတို့ရဲ့ အကြောင်းအရာတွေကို မိမိတို့ရဲ့ အမျိုးမျိုးသော ပလက်ဖောင်းတွေပေါ်မှာ မျှဝေဖို့ ဆန္ဒအလျောက် ဆုံးဖြတ်ခဲ့ကြတာသာဖြစ်တယ်လို့ မီဒီယာ ကုမ္ပဏီကြီးက ပြောဆိုကြောင်း စီအန်အန်က ဖော်ပြခဲ့ပါတယ်။

ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေအနေနဲ့ ၎င်းတို့ပေါ်မှာ ဖော်ပြတဲ့ သတင်းအကြောင်းအရာတွေအတွက် မီဒီယာတွေကို အခကြေးပေးဆောင်ရမယ့် စည်းမျဉ်းကို အင်္ဂါနေ့အစောပိုင်းမှာ မစ္စတာ ဝီဒိုဒိုက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မီဒီယာလုပ်ငန်းနယ်ပယ်ကို နည်းပညာကြီးကြီးမားမားနဲ့ အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ရာထူးတာဝန်ပြီးဆုံးခါနီး​နေ​သော အင်ဒိုနီးရှား သမ္မတက ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here