ဆီဆိုင်မြို့ရှိ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ စာစစ်ဌာနပြောင်းရွှေ့ဖြေဆိုနေရ

0
230

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ရှိ စာမေးပွဲ ဖြေဆိုမည့် ကျောင်း သား/သူများအနေဖြင့် စာစစ်ဌာနပြောင်းရွှေ့ဖြေဆိုနေကြရကြောင်း သိရသည်။

ဖေဖော်ဝါရီ(၂၁)ရက်တွင် စတင်ဖြေဆိုနေသည့် Grade 5၊ Grade 9 ကျောင်းသား/သူများအနေဖြင့် ဟိုပုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ ပြောင်းရွှေ့ဖြေဆိုနေကြရကြောင်း သိရသည်။

” ဆီဆိုင်တိုက်ပွဲကြောင့် စာစစ်ဌာနတွေပြောင်းလိုက်တာပါ။ နယ်မြေမတည်ငြိမ်တော့ သွားဖြေမယ့်ကျောင်းသားတွေလည်း စိုးရိမ်စိတ်တော့ရှိတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

Grade 5 ဖြေဆိုမည့် ကျောင်းသား/သူ များအနေဖြင့် ဟိုပုံးမြို့အတွင်းရှိ ကျေးရွာများဖြစ်သော ပေါင်လင်း၊ ရန်ကင်း၊ လွယ်တန့် ၊ နမ့်ပေါ်ဟွန်း၊ နောင်ခုံး၊ နမ့်လုံ၊ ဟဲလုံ၊ ဒုံမေခိုး၊ ကနိုင်ထုံ စသည့် ကျောင်းများတွင် ဖြေဆိုကြရပြီး၊ ဖြေဆိုသူ စုစုပေါင်း (၁,၅၀၀)ဦး ကျော်ရှိကြောင်း သိရသည်။

အလားတူ Grade 9 ကျောင်းသား/သူ များအနေဖြင့်လည်း ဟိုပုံးမြို့ရှိ ကျောင်းများသို့သွားရောက်ဖြေဆိုကြရပြီး ဖြေဆိုသူ စုစုပေါင်း (၁,၂၀၀)ဦး ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့တွင် ပြီးခဲ့သော ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်၍ တပ်မတော်နှင့် PNLO အဖွဲ့တို့အကြား စစ်ရေးတင်းမာမှုနှင့် တိုက်ပွဲများကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသူ ကျောင်းသားများ၏ လုံခြုံရေးအခြေအနေအရ စာစစ်ဌာန ရွှေပြောင်းဖြေဆိုနေကြရခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာရှိ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here