ရန်ကုန်နှင့် ချုံချင်းမြို့၊ ဖူကျိုးမြို့တို့အား ချစ်ကြည်ရေးမြို့တော်အဖြစ် စာချွန်လွှာရေးထိုးနိုင်ရန် ဆောင်ရွက်နေ

0
339

ရန်ကုန်မြို့အား ချုံချင်းမြို့၊ ဖူကျိုးမြို့တို့နှင့် ချစ်ကြည်ရေးမြို့တော်အဖြစ် စာချွန်လွှာရေးထိုးနိုင်ရန် ဆောင်ရွက်နေကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းကပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ဒုတိယ ပါတီအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား လာရောက်တွေ့ဆုံစဉ် ၎င်းက ‌အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ဒုတိယ ပါတီအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yu Bo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ (၁၉)ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့သည် ၁၉၉၇ တွင် ယန်ကျိုး၊ ၂၀၀၈ တွင် ကူမင်း၊ ၂ဝ၀၉ တွင် နန်နင်းမြို့များနှင့် ညီအစ်မမြို့တော်များအဖြစ် ထူထောင်ထားရှိကြောင်း၊ လက်ရှိတွင် ချုံချင်းမြို့၊ ဖူကျိုးမြို့တို့နှင့်လည်း ချစ်ကြည်ရေးမြို့တော်အဖြစ် စာချွန်လွှာရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံ ဆက်ဆံရေးများစွာ အထောက်အကူဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ခရီးစဉ် လာရောက်စဉ်က ရန်ကုန် တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေး ဆက်ဆံမှု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU on the Establishment of China ) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

အဆိုပါ စာချုပ်တွင် စာချုပ်ဝင်များသည် တန်းတူညီမျှမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုဟူသော မူအရ ချစ်ခင်ရင်းနှီးစွာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အပြန်အလှန် သိကျွမ်းနားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် ဒုတိယအချက်သည် တိုင်း/ပြည်နယ် နှစ်ခုအကြား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း စသည့် နယ်ပယ်များတွင် နည်းလမ်းအမျိုးမျိုးဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ကြွယ်ဝမှု ရရှိစေရန် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပြုလုပ်ကြမည်ဟု ဖော်ပြထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်သွယ်ဆောင်ရွက်ရန် Contact Person အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၏ အမည်စာရင်းကို ပေးပို့ထားကြောင်းလည်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသူ (၆၂၂) ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် (၄၂၃) ခု ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျှက်ရှိရာ စက်မှုကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here