ဟိန္ဒူသာသနာကို အကြောင်းပြကာ ပူးကပ်သယောင် ဖန်တီးသူများသည် လူလိမ်များသာဖြစ်သည်ဟု ဟိန္ဒူဘာသာရေး အသိပညာအဖွဲ့မှ သတိပေးပြောကြား

0
345

ဟိန္ဒူဘာသာတွင် သိုက်ဟူသည့် အယူအဆမရှိဘဲ ဟိန္ဒူဘုရားများ အမည်နာမဖြင့် ပူးသယောင် ကပ်သယောင်လုပ်ဆောင်သူများမှာ လူလိမ်စစ်စစ်များသာဖြစ်​သောကြောင့် ဟိန္ဒူသာသနာအကြောင်းပြု၍ ပူးကပ်ခြင်း ဖြစ်စဉ်များကို အပြင်း အထန်ဆုံးရှုံ့ချကြောင်း ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ အသိပေးကြေညာလိုက်သည်။

ယခုရက်ပိုင်းအတွင်း လူသိများသည့်အမျိုးသမီးတစ်ဦးမှ သိုက်ချော့ သည်ဟုဆိုကာ ဟိန္ဒူရိုးရာ အမျိုးသမီးအဝတ်အစားအား ဝတ်ဆင်ကာ ပူးနေသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ယင်းအပြုအမူနှင့်ပတ်သပ်၍ ဝေဖန်ခြင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါ ရုပ်သံဖိုင်နှင့်ပတ်သက်၍ ကန့်ကွက်သတိပေးဟန်တူသည့် ထုတ်ပြန်ချက်တစ်စောင်ကို ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ ဖေဖော်ဝါရီ (၂၂)ရက်တွင် ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှန်တကယ် ပူးကပ်လျှင်လည်း ဘုရားမဟုတ်ဘဲ မကျွတ်မလွတ် သရဲတစ္ဆေ၊ လမိုင်းများသာဖြစ်နိုင် ကြောင်းနှင့် ဟိန္ဒူသာသနာ အကြောင်းပြု၍ ပူးကပ်ခြင်းဖြစ်စဉ်များကိုလည်း အပြင်းအထန်ဆုံး ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင် အတိအလင်း ဖော်ပြထား သည်။

ယင်းကဲ့သို့ အပြုအမူ ပြုလုပ်သူ တစ်ဦးတစ်ယောက်ချင်းကို မှတ်တမ်းယူထားကာ အမည်ပျက်စာရင်းသွင်းသွားမည်ဖြစ်ကြောင်းလည်း ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့က ဆိုသည်။

ထို့အပြင် ဘုရားရှင်များမှာ မေတ္တာ၊ ကရုဏာ အနန္တဖြင့် ပြည့်စုံကြွယ်ဝသူများဖြစ်သောကြောင့် ဘုန်းတော်၊ တန်ခိုးတော်အနန္တတို့ဖြင့် ကုံလုံပြီး အနန္တဂုဏ်တော်ဖြင့် ပြည့်စုံကြောင့် ဟိန္ဒူကျမ်းဂန် အသီးသီးတွင် ဖော်ပြထားကြောင်း အသိပေးချက်တွင် ပါရှိသည်။

ထို့အတွက် ကျွန်ုပ်တို့ကဲ့သို့ နိမ့်ကျသောလောကီလောက သံသရာမှာ ကျင်လည်နေသောလူသားများဟာ ကျွန်ုပ်တို့ လုံးဝလက်လှမ်းမမီနိုင်သော သံသရာစက်ကွင်းပြင်ပမှ ဘုရားရှင်များကို မေတ္တာပို့ရန်မှာ မည်သို့မှ မဖြစ်နိုင်ကြောင်းလည်း ယင်းထုတ်ပြန်ချက်က အတိအလင်းဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here