စစ်ကိုင်းတိုင်းဒေသကြီးတွင် နွေစပါးဧကနှစ်သိန်းခွဲစိုက်ပျိုးမည်

0
232

ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နာဂဒေသ အပါအဝင် (၁၄) ခရိုင်တွင် နွေစပါးစိုက်ဧက ၂၅၀,၀၀၀ လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသတွင်း ဆန်ဖူလုံပိုလျှံစေရေးအတွက် နွေစပါး စိုက်ပျိုးခြင်းဖြစ်ပြီး ဆည်ရေ၊ လျှပ်စစ် ရေတင်စနစ်၊ ရေစုပ်စက်နှင့် မြေအောက်ရေတို့ဖြင့် စိုက်ပျိုးရေကို အကျိုးရှိစွာ အသုံးချပြီး စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“စစ်ကိုင်းတိုင်း ဒေသကြီးက နွေစပါး စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှု ရှိတာကြောင့် နှစ်စဉ် နွေသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူအများစုက နွေစပါးကို အားထား စိုက်ပျိုးကြပါတယ်။ ဒေသခံ တောင်သူတွေကိုလည်း နွေစပါး စိုက်ပျိုးရာမှာ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းစနစ်များနဲ့ မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်အောင် နယ်မြေအလိုက် တာဝန်ပေးထားတဲ့ ကွင်းဝန်ထမ်းတွေက တောင်သူပညာပေး လုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူ က ပြောသည်။

ဒေသခံတောင်သူများ အဓိက စိုက်ပျိုးမည့် နွေစပါးမျိုးများအနေဖြင့် ရွှေသွယ်ရင်၊ ဆင်းသုခ၊ ရက်(၉၀)၊ IR-747 အစရှိသည့် စပါးမျိုးများအား အများဆုံး စိုက်ပျိုးကြမည်ဖြစ် ကြောင်းလည်း သိရသည်။

ဒေသခံ တောင်သူများ နွေစပါး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်သဖန်းဆိပ်ဆည်၊ သာစည်ဆည်၊ ထန်းဇလုပ်ဆည်များမှ ဆည်ရေများကို ဖေဖော်ဝါရီလ (၁၅) ရက်မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here