သစ်သားဖြင့် ပြုလုပ်ထားသော ဂြိုဟ်တု ဂျပန် မကြာမီလွှတ်တင်မည်

0
232

ဂျပန်သိပ္ပံပညာရှင်များသည် သစ်သားဖြင့်ပြုလုပ်ထားသည့် သေးငယ်သော ဂြိုလ်တုတစ်ခုကို ပြုလုပ်ထားပြီး LingoSat ဟု အမည်ပေးထားသည်။ နိုင်ငံတကာ အာကာသစခန်း (ISS) တွင် ပြုလုပ်ခဲ့သော စမ်းသပ်မှုများအရ အထူးတည်ငြိမ်ပြီး ကွဲအက်ခြင်းလည်း အလွယ်တကူ မဖြစ်စေရန်အတွက် အဆိုပါ LignoSat ဂြိုဟ်တုအား မက်နိုလီယာသစ်သားဖြင့် တည်ဆောက်ထားကြောင်း သိရသည်။ ယခု နွေရာသီတွင် ယင်း ဂြိုဟ်တုကို အမေရိကန် သယ်ယူပို့ဆောင်ရေး ဒုံးပျံတစ်စင်းဖြင့် အာကာသတွင်း လွှတ်တင်တော့မည်ဖြစ်သည်။

အဆိုပါ သစ်သားဂြိုလ်တုကို ကျိုတိုတက္ကသိုလ်နှင့် သစ်ထုတ်လုပ်ရေးကုမ္ပဏီ Sumitomo Forestry မှ သုတေသီများက ပူးပေါင်းတည်ဆောက်ထားပြီး၊ သစ်ကဲ့သို့ ဇီဝခြေခံ ဆွေးမြေ့ပျက်စီးနိုင်သောပစ္စည်းများဖြင့် ဂြိုဟ်တုတည်ဆောက်ခြင်းသည်၊ လက်ရှိ သတ္တုဖြင့် တည်ဆောက်ထားသောဂြိုဟ်တုများထက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်နိုင်မှု ရှိ၊ မရှိ စမ်းသပ်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်လာတဲ့ ဂြိုလ်တုအားလုံးဟာ လေထုနဲ့ပွတ်တိုက်မိတဲ့အခါ မီးလောင်ပြီး သေးငယ်တဲ့ အလူမီနီယမ်အမှုန်အမွှားတွေကို ဖြစ်လာစေကာ အဲဒီအမှုန်အမွှားတွေဟာ ကမ္ဘာ့လေထုအပေါ်ပိုင်းထဲမှာ နှစ်ပေါင်းများစွာ လွင့်မျောနေကြပါတော့တယ်” ဟု ကျိုတိုတက္ကသိုလ်မှ ဂျပန်အာကာသယာဉ်မှူးနှင့် အာကာသအင်ဂျင်နီယာ Takao Doi က မကြာသေးမီက သတိပေးပြောကြားခဲ့သည်။ “နောက်ဆုံးတော့၊ အဲဒါတွေဟာ ကမ္ဘာမြေကြီးရဲ့ ပတ်ဝန်းကျင်ကို ထိခိုက်လိမ့်မယ်”ဟုလည်း သူကပြောသည်။

အဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကျိုတိုသုတေသီများသည် အာကာသအတွင်း အခြေအနေများ ပုံစံတူဖန်တီးပေးသည့် ဓာတ်ခွဲခန်းများတွင် သစ်သားနမူနာမျိုးစုံကို စမ်းသပ်ခဲ့ကာ၊ ထုထည် ပြိုကွဲပျက်စီးမှု လက္ခဏာများကို တိုင်းတာခဲ့သည်။

“ဒီအခြေအနေတွေကို ခံနိုင်ရည်ရှိတဲ့ သစ်သားရဲ့ စွမ်းရည်က ကျွန်တော်တို့ကို အံ့အားသင့်စေပါတယ်” ဟု သစ်သားဂြိုဟ်တုလွှတ်တင်ရေး စီမံကိန်ူအကြီးအကဲ Koji Murata က ပြောသည်။

ယင်းစမ်းသပ်မှုများအပြီးတွင် နမူနာများကို ISS သို့ ပေးပို့ခဲ့ပြီး ၎င်းတို့အား ကမ္ဘာမြေသို့ ပြန်လည်မပို့ဆောင်မီ တစ်နှစ်နီးပါးကြာ အာကာသတွင်း ထိတွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

ဂျပန်ချယ်ရီသားအပါအဝင် သစ်သားအမျိုးအစားများစွာကို အာကာသတွင်းတွင် စမ်းသပ်ခဲ့ပြီးနောက် မက်နိုလီယာပင်များမှ သစ်သားသည် အကြံ့ခိုင်ဆုံးဖြစ်ကြောင်း သိရှိလာခဲ့သည်။

“ဂြိုလ်တုရဲ့ တာဝန်တွေထဲက တစ်ခုကတော့ အာကာသအတွင်း သစ်သားဖွဲ့စည်းပုံ ပျက်ယွင်းမှုကို တိုင်းတာဖို့ ဖြစ်ပါတယ်” ဟု Koji Murata က ပြောသည်။

ယခုလွှတ်တင်မည့် သစ်သားဂြိုဟ်တုသည် ကော်ဖီခွက်အရွယ်အစားမျှသာဖြစ်ပြီး ကမ္ဘာ့လေထုအပေါ်ပိုင်းသို့ ပြန်လည် ကျဆင်း ဝင်ရောက်မလာမီ အနည်းဆုံး ခြောက်လကြာ အာကာသအတွင်း လှည့်လည်နေနိုင်မည်ဟု မျှော်လင့်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here