ကျွမ်းကျင်မှု၊ အတွေ့အကြုံများနှင့် အသိပညာများကို အသုံးပြု၍ နိုင်ငံ့အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ပြောကြား

0
115

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့အနေဖြင့် ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အတွေ့အကြုံများနှင့် အသိပညာများကို ထိရောက်စွာ အသုံးပြုကာ နိုင်ငံ့အကျိုးဖြစ်ထွန်းအောင်လုပ်ဆောင်ကြရန် န.စ.က ဥက္ကဋ္ဌ ရုံး ဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS)မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ဖေဖေါ်ဝါရီ (၂၂) ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

MISIS အဖွဲ့အနေဖြင့် ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အတွေ့အကြုံများနှင့် အသိပညာများကို ထိရောက်စွာ အသုံးပြုလျက် ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ပညာရှင်များ ရှုထောင့်မှ အထောက်အကူပြု ပံ့ပိုးနိုင်ရေးတို့ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တိုက်တွန်းမှာကြားခဲ့သည်။

ထို့အပြင် အစိုးရ၏ ရပ်တည်ချက်၊မူဝါဒနှင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် MISIS အဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များက အဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here