အလုပ်သမားရေးရာ သတင်းများနှင့်ပတ်သက်၍ သတင်းစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထား

0
166

အလုပ်သမားရေးရာ သတင်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် သတင်းစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် UMFCCI ဥက္ကဋ္ဌ ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ စက်မှုဇုန်ကော်မတီ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းပြည်ပမီဒီယာများတွင် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းအပါအဝင် စက်ရုံ၊ အလုပ်ရုံများနှင့်ဆက်စပ်သော အလုပ်သမားရေးရာသတင်းများကို ယခုကာလအတွင်း ဖော်ပြနေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် သတင်းစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး အလုပ်သမားရေးရာသတင်းများကို တွေ့ရှိပါက ပေါင်းစပ်အဖွဲ့များနှင့် သတင်းပါ စက်ရုံ၊ အလုပ်ရုံများသို့ ချက်ချင်းသွားရောက်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

လက်ရှိတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး တို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် သုံးပွင့်ဆိုင်ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ဝန်ကြီးက ဆိုသည်။

ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းခွင်များတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် အလုပ်ရှင်၊ အလုပ်သမားများ၏ တွေ့ကြုံခံစားနေရသည့် အခက်အခဲများ၊ အားနည်းချက်များကို သိရှိလိုကြောင်း ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

UMFCCI အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ အလုပ်အမှုဆောင်နှင့် တာဝန်ရှိသူများ၊ စက်မှုဇုန်ကော်မတီအလိုက် တာဝန်ခံများက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ဆောင်ရွက်ပေးစေလိုသည့် အချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here